ထိုင်းနိုင်ငံမှ ယူကေသို့ ဆေးခြောက်များ မှောင်ခိုသယ်ယူရာတွင် စင်ကာပူကို ကြားစခန်းအဖြစ် အသုံးပြုနေကြောင်း အကောက်ခွန်အရာရှိများ ပြောကြား
ခရီးသွားများသည် ထိုင်းနိုင်ငံမှ ဗြိတိန်နိုင်ငံ (UK) သို့ ဆေးခြောက်များ မှောင်ခိုသယ်ဆောင်ရာတွင် စင်ကာပူနိုင်ငံကို ကြားဖြတ်သယ်ယူ ပို့ဆောင်ရေးစခန်း (Transit Point) အဖြစ် အသုံးပြုနေကြကြောင်း အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်။
Samui အကောက်ခွန်ရုံး အကြီးအကဲ Ruangyos Komoltham က လွန်ခဲ့သည့်နှစ် မတ်လနှင့် စက်တင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့သော ဆေးခြောက်မှုအများအပြားသည် ခေတ်စားနေသည့် မှောင်ခိုကူးသန်းမှု ပုံစံတစ်ခုနှင့် ဆက်စပ်နေကြောင်း ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၈) တွင် ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသည့် ဆေးခြောက်အများစုမှာ စင်ကာပူနိုင်ငံကို ဖြတ်ကျော်ကာ UK သို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး အများစုမှာ ဗြိတိန်နိုင်ငံသား အားလပ်ရက်ခရီးသွားများ ဖြစ်ကြသည်။
UK အာဏာပိုင်များက ၂၀၂၄ ခုနှစ်တွင် "ထိုင်းနိုင်ငံမှ ဆေးခြောက်များ ပြန်လည်သယ်ဆောင်လာပါက ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရမည်" ဟု သတိပေးချက် ထုတ်ပြန်ထားသော်လည်း ခရီးသွားများသည် ယင်းသတိပေးချက်ကို ဂရုမစိုက်ဘဲ ဆက်လက်သယ်ဆောင် နေကြကြောင်း သိရှိရသည်။
Samui လေဆိပ်တွင် ခုနစ်လတာကာလအတွင်း ခရီးသွားများထံမှ ဆေးခြောက် ၄၀၆.၆ ကီလိုဂရမ် ကို အကောက်ခွန်ရုံးက သိမ်းဆည်းရမိခဲ့ပြီး ဗြိတိန်နိုင်ငံသားများမှာ အဓိက သံသယရှိသူများ ဖြစ်ကြသည်။ အဆိုပါ ဆေးခြောက်များ၏ ထိုင်းနိုင်ငံအတွင်း ကာလပေါက်ဈေးမှာ ဘတ် ၄ သန်း ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အကြီးမားဆုံး ဖမ်းဆီးရမိမှုမှာ မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျွန်းပေါ်ရှိ လေဆိပ်၌ ဗြိတိန်ခရီးသွား ၅ ဦးနှင့် မလေးရှား နိုင်ငံသား ၁ ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ အလေးချိန် ၁၄၄ ကီလိုဂရမ် နီးပါးရှိသော ခြောက်သွေ့ဆေးခြောက် ပန်းပွင့်ဖတ် များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သံသယရှိသူများသည် အဖွဲ့တစ်ဖွဲ့တည်း သို့မဟုတ် သီးခြားစီဆိုသည်ကိုမူ အရာရှိက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့သော် ဖမ်းဆီးခံရချိန်တွင် ၎င်းတို့အားလုံးက ပြစ်မှုကျူးလွန်ကြောင်း အကောက်ခွန် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ဆေးဝါးကုသမှုဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုရန်အတွက် Surat Thani ခရိုင်၊ Tha Chang မြို့နယ်ရှိ သချန်း ဆေးရုံသို့ လှူဒါန်းခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
