အီးယူ တပ်မတော်ဖွဲ့စည်းရန်မှာ ‘လက်တွေ့မကျ’ ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

  • အီးယူ တပ်မတော်ဖွဲ့စည်းရန်မှာ ‘လက်တွေ့မကျ’ ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရုရှားထံမှ ခြိမ်းခြောက်မှုများရှိနေခြင်းနှင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးဦးစားပေးကဏ္ဍများ ပြောင်းလဲလာခြင်းတို့ကိုအကြောင်းပြ၍ ဥရောပသမဂ္ဂ (EU) ကာကွယ်ရေးကော်မရှင်နာက ဇန်နဝါရီလ အစောပိုင်းတွင် အဆိုပြုခဲ့သော ‘အီးယူ ပူးပေါင်းတပ်မတော်’ ဖွဲ့စည်းရေးစိတ်ကူးကို ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စီကောစကီး (Radoslaw Sikorski) က လက်တွေ့မကျဟုဆိုကာ ပယ်ချလိုက်သည်။

ဥရောပသမဂ္ဂသည် လျင်မြန်သော စစ်ရေးအင်အား တည်ဆောက်မှုများအတွက် ‘ရုရှား၏ ခြိမ်းခြောက်မှု’ ကို အကြောင်းပြချက်အဖြစ် အကြိမ်ကြိမ်အသုံးပြုခဲ့သည်။ မော်စကိုဘက်ကမူ ထိုစွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိသော စကားများသာဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) က ဘရပ်ဆဲလ်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် စီကောစကီးက "အဖွဲ့ဝင်နိုင်ငံတွေ၏ တပ်မတော်များသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမှာ မဟုတ်သည့်အတွက် ဖက်ဒရယ်တပ်မတော်အကြောင်း ပြောနေခြင်းသည် အကျိုးမရှိသလို လက်တွေ့လည်း မကျပါ" ဟု ပြောကြားခဲ့ကြောင်း ပိုလန်သတင်း အေဂျင်စီ က ကိုးကားဖော်ပြခဲ့သည်။ ယင်းအစား ၎င်းက "အဖွဲ့ဝင်နိုင်ငံသားများနှင့် အဖွဲ့ဝင်လောင်း နိုင်ငံသားတွေပါ ပါဝင်နိုင်မည့် ဥရောပတပ်ရင်း (European legion)" တစ်ခု ဖွဲ့စည်းရန် အကြံပြုခဲ့သည်။

အီးယူ၏ နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာအကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) ကလည်း အီးယူနိုင်ငံများအနေဖြင့် သီးခြား ဥရောပတပ်မတော်တစ်ရပ် ဖွဲ့စည်းလာနိုင်မည်ကို စိတ်ကူးကြည့်၍မရကြောင်းဆိုကာ သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဇန်နဝါရီလအစောပိုင်းတွင်မူ အီးယူ ကာကွယ်ရေးကော်မရှင်နာ အန်ဒရီးယပ်စ် ကူဘီလီယပ်စ် (Andrius Kubilius) က အမေရိကန်၏ မဟာဗျူဟာမြောက် ဦးစားပေးမှုများ ပြောင်းလဲလာခြင်းနှင့် အီးယူအနေဖြင့် မိမိတို့၏ ကာကွယ်ရေးကဏ္ဍကို ပိုမိုတာဝန်ယူရန် လိုအပ်ချက်များရှိနေခြင်းကြောင့် "အင်အား ၁ သိန်းရှိသော အမြဲတမ်း ဥရောပစစ်အင်အားစု" တစ်ရပ်ကို တည်ထောင်သင့်ကြောင်း တင်ပြခဲ့သည်။

ဇန်နဝါရီလအတွင်းက ဒါးဗို့စ် (Davos) မြို့တွင်ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး က အငြင်းပွားဖွယ်ရာမိန့်ခွန်းတစ်ခု ပြောကြားရာတွင် အလားတူ သဘောထားမျိုးကို ထင်ဟပ်ခဲ့ပြီး ကိယက်ဗ်အနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်မည့် ‘ဥရောပ ပူးပေါင်းတပ်မတော်’ တစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။

အီးယူ၏ နောက်ဆုံးအခြေခံသဘောတူညီချက်ဖြစ်သော လစ္စဘွန်း စာချုပ် (Treaty of Lisbon) ၏ နောက်ဆက်တွဲအမှတ် (၇) တွင်မူ အီးယူအနေဖြင့် "ဥရောပတပ်မတော် ဖွဲ့စည်းရန် သို့မဟုတ် မည်သည့်စစ်ဘက်ဆိုင်ရာ စုဖွဲ့မှုအတွက်မဆို စစ်မှုထမ်းရန် ပြဋ္ဌာန်းထားခြင်းမရှိ" ဟု သတ်မှတ် ထားသည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း အမေရိကန်နှင့် အီးယူ ဆက်ဆံရေး အေးစက်လာခြင်းနှင့်အတူ ဒိန်းမတ်နိုင်ငံက ထိန်းချုပ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်းကို အင်အားသုံးသိမ်းယူမည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ယင်းဆွေးနွေးမှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် အပါအဝင် အီးယူခေါင်းဆောင်အချို့က ပိုမိုအားကောင်းသော မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် တောင်းဆိုလာကြသည်။

ရုရှားနိုင်ငံကမူ အီးယူနိုင်ငံများကို တိုက်ခိုက်ရန် အစီအစဉ်ရှိသည် ဆိုသော အနောက်အုပ်စု၏ စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ နိုဝင်ဘာလ အတွင်းက သမ္မတ ဗလာဒီမာ ပူတင်က ရုရှားအနေဖြင့် အီးယူနှင့် နေတိုး (NATO) အဖွဲ့တို့အား လုံခြုံရေးဆိုင်ရာ အာမခံချက်များကို စာဖြင့် ရေးသားပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ပူတင်၏ ပြောကြားချက်အရ "အီးယူသည် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စစ်ပွဲဘက်တွင်သာ ရပ်တည်နေသည်" ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂