နယ်စပ်ကုန်သွယ်ရေးအတားအဆီးများက ထိုင်းနိုင်ငံရှိ ဂျပန် ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိနေ

News Image

  • နယ်စပ်ကုန်သွယ်ရေးအတားအဆီးများက ထိုင်းနိုင်ငံရှိ ဂျပန် ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိနေ

၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင်ဖြစ်ပွားခဲ့သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနောက်ပိုင်း ထိုင်းနိုင်ငံရှိ ဂျပန်ကုမ္ပဏီများသည် နယ်စပ်ပိတ်သိမ်းမှုများ၊ မြင့်တက်လာသော ထောက်ပံ့ပို့ဆောင်ရေးစရိတ်များ၊ ထုတ်လုပ်မှုလျော့ကျခြင်း၊ ကုန်ကြမ်းဝယ်ယူမှုနှင့် အရောင်းပိုင်းဆိုင်ရာ အခက်အခဲများစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။

အဆိုပါတွေ့ရှိချက်များကို ဘန်ကောက်မြို့ရှိ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCB) က ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန် ကုမ္ပဏီများ၏ စီးပွားရေးအခြေအနေစစ်တမ်းကို ထုတ်ပြန်ရာတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုစစ်တမ်းကို ၁၉၇၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဂျပန်ကုမ္ပဏီများအတွက် စီးပွားရေးပတ်ဝန်းကျင်ကိုတိုင်းတာသည့် အပြည့်စုံဆုံး အညွှန်းကိန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက်စစ်တမ်းကို နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ JCCB အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၁,၆၇၇ ခုထံသို့ မေးခွန်းလွှာများပေးပို့ကာ ကောက်ယူခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ကုမ္ပဏီ ၅၂၁ ခုက ပြန်လည်ဖြေကြားခဲ့သဖြင့် ဖြေကြားမှုနှုန်းမှာ ၃၁.၁% ရှိခဲ့သည်။ ဖြေကြားခဲ့သူများ၏ ၂၉% က ကုန်းလမ်းနယ်စပ်ဂိတ်များ ပိတ်သိမ်းမှုကြောင့် ကုန်စည်ပို့ဆောင်ရေး ကြာမြင့်ချိန် (Logistics lead times) ပိုမိုရှည်ကြာလာခြင်းကို အကြီးမားဆုံးသော သက်ရောက်မှုအဖြစ် ဖော်ပြခဲ့ကြသည်။ ၎င်းနောက်တွင် ကုန်စည်ပို့ဆောင်ခ မြင့်တက်လာခြင်း (၂၄%) နှင့် ထုတ်လုပ်မှု၊ ဝယ်ယူမှုနှင့် အရောင်းပိုင်း ကျဆင်းလာခြင်း (၁၉%) တို့က အသီးသီး နောက်ဆက်တွဲ သက်ရောက်မှုများအဖြစ် ပါရှိခဲ့သည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ကုမ္ပဏီများသည် ရေကြောင်းကုန်စည်ပို့ဆောင်ရေးသို့ ပြောင်းလဲခြင်း (၂၃%) ၊ ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းကို လာအို သို့မဟုတ် ဗီယက်နမ်နိုင်ငံများမှတစ်ဆင့် ပြောင်းလဲအသုံးပြုခြင်း (၁၄%) နှင့် ကမ္ဘောဒီးယားနှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများနှင့် အရောင်းအဝယ်ပြုလုပ်မှုများကို လျှော့ချခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း (၁၁%) တို့ကို လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

"စစ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း ယခုအချိန်အထိ ဂျပန် ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများကို လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးသို့ ပြောင်းလဲခြင်း သို့မဟုတ် အခြား နိုင်ငံများမှတစ်ဆင့်ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်" ဟု JCCB စီးပွားရေးသုတေသနအဖွဲ့၏ ဥက္ကဋ္ဌ အီချီရို အာ့ဘေး (Ichiro Abe) က ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂