ဖင်လန်ရဲ့သဲဘက်ထရီနည်းပညာအသစ်က အပူစွမ်းအင်ကို ၁၀ ဆ မြန်ဆန်စွာကူးပြောင်းစေနိုင်
ဖင်လန်နိုင်ငံမှ စွမ်းအင်ကုမ္ပဏီတစ်ခုက အရင်ကထက် အပူကူးပြောင်းမှုစွမ်းရည် ၁၀ ဆပိုမိုမြန်ဆန်တဲ့ သဲဘက်ထရီ အမျိုးအစားအသစ်ကို တီထွင်လိုက်ပြီလို့ သိရပါတယ်။ ဒီနည်းပညာကြောင့် အိမ်တွေ၊ စက်ရုံတွေမှာ သုံးစွဲရတဲ့ စွမ်းအင်ကုန်ကျစရိတ်ကို ၇၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တော့မှာဖြစ်ပါတယ်။
သဲဘက်ထရီဆိုတာက နေရောင်ခြည်နဲ့ လေစွမ်းအင်ကနေရတဲ့ ပိုလျှံလျှပ်စစ်ဓာတ်အားကို အပူအဖြစ်ပြောင်းပြီး သဲတွေထဲမှာ သိုလှောင်ထားတဲ့ စနစ်တစ်ခုပါ။ အခုနည်းပညာအသစ်မှာတော့ အပူသယ်ဆောင်ပေးတဲ့ ပိုက်လိုင်းစနစ်တွေကို အဆင့်မြှင့် တင်ထားလို့ အပူကို ၁၀ ဆ ပိုမိုမြန်ဆန်စွာသိုလှောင်နိုင်သလို ပြန်ထုတ်ယူတဲ့အခါမှာလည်း ပိုပြီးထိရောက်လာတာ ဖြစ်ပါတယ်။
ဒီနည်းပညာရဲ့ အဓိကအားသာချက်ကတော့ ဈေးနှုန်းကြီးမြင့်တဲ့ ဘက်ထရီတွေအစား အလွန်ဈေးပေါတဲ့ သဲကိုပဲသုံးထားတာကြောင့် ကုန်ကျစရိတ်များစွာ သက်သာသွားတာပါ။ ဖင်လန်နိုင်ငံလိုမျိုး အေးတဲ့ဒေသတွေမှာ ဆောင်းရာသီအတွက် လိုအပ်တဲ့ အပူစွမ်းအင်ကို လပေါင်းများစွာ ကြာအောင် သိုလှောင်ထားပြီး ပြန်သုံးနိုင်လို့ ရုပ်ကြွင်းလောင်စာတွေပေါ် မှီခိုနေရမှုကိုလည်း ကောင်းစွာလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD
