အမေရိကန်က တစ်နှစ်လျှင် THAAD ဒုံးခွင်းဒုံး အစင်းရေ ၄၀၀ အထိ ထုတ်လုပ်ရန်ပြင်ဆင်
အမေရိကန်က THAAD ဒုံးကျည်ကာကွယ်ရေးစနစ်မှာ အသုံးပြုတဲ့ ဒုံးခွင်းဒုံးတွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်ထုတ်လုပ်သွားဖို့ လော့ဟိမာတင်ကုမ္ပဏီနဲ့ သဘောတူညီလိုက်ပါတယ်။ ဒီသဘောတူညီချက်အရ တစ်နှစ်ကို ဒုံးခွင်းဒုံးအစင်းရေ ၉၆ စင်းပဲ ထုတ်လုပ်ရာကနေ အစင်းရေ ၄၀၀ အထိလေးဆလောက် တိုးမြှင့်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
THAAD စနစ်ဟာ တာတို၊ တာလတ်နဲ့ တာဝေးပစ်ဒုံးကျည်တွေကို ကမ္ဘာ့လေထု အပြင်ဘက်နဲ့အတွင်းပိုင်း နှစ်နေရာစလုံးမှာ ကြားဖြတ်ဟန့်တားနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။
အခုလို ဒုံးခွင်းဒုံးတွေထုတ်လုပ်မှုကိုတိုးမြှင့်လိုက်တာဟာ ရန်သူတွေကို ဟန့်တားဖို့အတွက် အရင်ကထက်ပိုပြီး အဆင်သင့် ဖြစ်နေစေမယ်လို့ ကုမ္ပဏီမှတာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် အဆင့်မြင့်စက်ရုပ်နည်းပညာတွေသုံးပြီး ဒုံးခွင်းဒုံးတွေထုတ်လုပ်မယ့် စက်ရုံအသစ်တစ်ခုကိုလည်း အာကန်ဆက်ပြည်နယ်မှာ တည်ဆောက်သွားဦးမှာပါ။ လက်ရှိမှာတော့ ဒီစနစ်ဟာ ပေါ်ပေါက်လာမယ့်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာမှာ ရှေ့ပြေးပုံစံတစ်ခုလို အစဉ်တစိုက် အဆင့်မြှင့်တင်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
Ref: IE
ကိုထက်
