အိန္ဒိယက ရုရှားရေနံဝယ်ယူမှု ရပ်တန့်မည့်အစီအစဉ်အပေါ် မိမိတို့ သိရှိခြင်းမရှိဟု ကရင်မလင် ထုတ်ပြန်
အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် ရေနံစိမ်းဝယ်ယူမှုများကို ရပ်တန့်ရန် ဆုံးဖြတ်ထားခြင်းရှိသည်ဆိုသည်ကို မိမိတို့အနေဖြင့် သိရှိထားခြင်းမရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) က တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ကြေညာစဉ် အိန္ဒိယနိုင်ငံသည် ရုရှားထံမှ ရေနံဝယ်ယူမှုများကို ရပ်တန့်ရန် သဘောတူညီခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
သို့သော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကမူ အမေရိကန် နိုင်ငံဘက်က အိန္ဒိယသွင်းကုန်များအပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချရန် သဘောတူညီခဲ့သည်ကိုသာ အတည်ပြုပြောကြားခဲ့ပြီး ရုရှားရေနံဝယ်ယူမှုရပ်တန့်ရန် ကတိကဝတ်ပြုထားခြင်းနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။
ရုရှားနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း ပက်စကော့ဗ်က အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) တွင် ထပ်လောင်း အတည်ပြုခဲ့သည်။ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက် (Aleksandr Novak) ကလည်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ၏ အဆိုကို ထောက်ခံ ပြောကြားခဲ့သည်။ အိန္ဒိယသို့ ရေနံရောင်းချနေမှုနှင့်ပတ်သက်၍ မီဒီယာများက မေးမြန်းရာတွင် နယူးဒေလီ၏ လူသိရှင်ကြားထုတ်ပြန်ချက်များကိုသာ မိမိတို့သိရှိကြောင်း နိုဗက်က ဖြေကြားခဲ့သည်။ ၎င်းက “အခြေအနေများ မည်သို့ပြောင်းလဲလာမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သော်လည်း ယေဘုယျအားဖြင့် မိမိတို့၏ စွမ်းအင်အရင်းအမြစ်များမှာ လိုအပ်ချက် ရှိနေဆဲဖြစ်ပြီး ရောင်းလိုအားရှိလျှင် ဝယ်လိုအား အမြဲရှိမည်ဖြစ်သော ကြောင့် မျှခြေကို ထိန်းသိမ်းထားနိုင်ပါသည်” ဟု ဆိုသည်။
အိန္ဒိယရေနံချက်စက်ရုံများအနေဖြင့် ရုရှားနှင့်ချုပ်ဆိုထားသော ရေနံအရောင်းအဝယ်များကို အဆုံးသတ်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု (Wind-down period) လိုအပ်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထို့အပြင် လက်ရှိ အချိန်အထိ နယူးဒေလီအစိုးရသည် ရေနံတင်သွင်းမှု ရပ်တန့်ရန် မည်သည့် အမိန့်ညွှန်ကြားချက်မျှ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် စိမ်းရေနံတင်သွင်းမှုကို ရုတ်ခြည်းရပ်တန့်လိုက်ပါက ကမ္ဘာ့ရေနံဈေးကွက်ကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း Moody’s အဆင့်သတ်မှတ်ရေးအေဂျင်စီက သတိပေးပြောကြားထားသည်။ "အိန္ဒိယ သည် မကြာသေးမီလများအတွင်း ရုရှားထံမှ ရေနံစိမ်းဝယ်ယူမှုကို လျှော့ချခဲ့သော်လည်း ဝယ်ယူမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ခြင်းက အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည်" ဟု အဆိုပါအေဂျင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် မှတ်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ရေနံတင်သွင်းရာ အရင်းအမြစ်များကို အမျိုးစုံအောင် ပြုလုပ်နေသည့်အတွက် ရုရှားထံမှတင်သွင်းမှုများ ဆက်လက်ကျဆင်းသွားဖွယ်ရှိကြောင်း ဇန်နဝါရီလတွင် ဝန်ခံပြောကြားခဲ့သော်လည်း ယင်းမှာ "ဈေးကွက်အခြေအနေများကြောင့်သာ" ဖြစ်သည်ဟု ဆိုခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီး ဟာဒီးပ် ပူရီ (Hardeep Puri) က အိန္ဒိယရေနံကုမ္ပဏီများသည် ဝယ်ယူမှုများနှင့်ပတ်သက်၍ ၎င်းတို့ ဘာသာဆုံးဖြတ်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် တစ်စုံတစ်ရာ အမိန့်ပေးညွှန်ကြားထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
