ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ရုရှားနယ်စပ်ဒေသများတွင် စွမ်းအင်ကဏ္ဍနှင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီး
ယူကရိန်းတပ်ဖွဲ့များ၏ အကြီးအကျယ်တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၊ ဘဲလ်ဂရော့ဒ် (Belgorod) ဒေသရှိ စွမ်းအင်အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ဒေသအနှံ့ လျှပ်စစ်မီး၊ အပူပေးစနစ်နှင့် ရေပေးဝေမှုများ ပြတ်တောက်လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄) တွင် ပြောကြားခဲ့သည်။
ဘဲလ်ဂရော့ဒ်မြို့အတွင်းသို့ လက်နက်ကြီး ၁၂ ခုနှင့် ဒရုန်း ၃ စင်း ကျရောက်ခဲ့သည့်အပြင် အခြားခရိုင် ၁၀ ခုထက်မနည်းတွင်လည်း ဒရုန်းနှင့်အမြောက်များဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားအချို့နှင့် စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
လျှပ်စစ်ဓာတ်အားလိုင်းများ အကြီးအကျယ် ပျက်စီးသွားခြင်းကြောင့် ဒေသတွင်းရှိ စာသင်ကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းကောလိပ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားရန်ညွှန်ကြားထားရပြီး ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း အရေးပေါ် လျှပ်စစ်မီးပြတ်တောက်မှုများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။
ထို့အတူ အိမ်နီးချင်း ဘရိုင်ယန့်စ် (Bryansk) ဒေသတွင်လည်း ယူကရိန်း ဘက်က အမေရိကန်ထုတ် HIMARS ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ ထိမှန်ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။
အဆိုပါနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများသည် အဘူဒါဘီမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မေတ္တာရပ်ခံချက်အရ ရုရှားက ယူကရိန်းစွမ်းအင်ကဏ္ဍအပေါ် တိုက်ခိုက်မှုများကို တစ်ပတ်ကြာ ယာယီ ရပ်ဆိုင်းပေးခဲ့သော်လည်း ယခုအခါ တိုက်ခိုက်မှုများ ပြန်လည် စတင်လာခြင်း ဖြစ်သည်။
သမ္မတထရမ့်က ပူတင်သည် ၎င်း၏ ကတိအတိုင်း တိုက်ခိုက်မှုများကို ရပ်နားခဲ့သည်ဟု ပြောကြားသော်လည်း ယူကရိန်းသမ္မတ ဇီလန်စကီး ကမူ ရုရှားသည် အပစ်ရပ်ရက်တွက်ပုံကို အကြောင်းပြ၍ ကတိဖောက်ဖျက်ကာ တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
