သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြံစည်ခဲ့သူ ရိုင်ယန် ရောက်သ် အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

News Image

  • သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြံစည်ခဲ့သူ ရိုင်ယန် ရောက်သ် အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖလော်ရီဒါပြည်နယ်ရှိ ဂေါက်ကွင်းတစ်ခု၌ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြံစည်ခဲ့သည့် အသက် ၅၉ နှစ်အရွယ် ရိုင်ယန် ရောက်သ် (Ryan Routh) ကို ဖက်ဒရယ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပါအဝင် ပြစ်ဒဏ်များ ချမှတ်လိုက်သည်။ 

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖက်ဒရယ်တရားသူကြီး အိုင်ရင်း ကန်နွန် က ရောက်သ်အား သမ္မတလောင်းကို လုပ်ကြံရန် ကြံစည်မှုအပါအဝင် ဖက်ဒရယ်ပြစ်မှု ၅ ခုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက ရောက်သ်၏ လုပ်ရပ်သည် လူ့အသက်ကိုသတ်ဖြတ်ရန် ကြိုတင်ကြံစည်ထားသောလုပ်ရပ်ဖြစ်ပြီး ၎င်းတွင် ယခင်ကလည်း ရာဇဝတ်မှုမှတ်တမ်း ၃၆ ခုထက်မနည်းရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။

အခင်းဖြစ်စဉ်အရ ရောက်သ်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် West Palm ကမ်းခြေတွင်ရှိသော Trump International Golf Club ရှိ ချုံပုတ်အတွင်း ၁၀ နာရီနီးပါး ချောင်းမြောင်းစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ အမေရိကန် လုံခြုံရေးအေးဂျင့်များက ခြံစည်းရိုးကြားမှ သေနတ်ပြောင်းကို မြင်တွေ့ခဲ့သဖြင့် စတင်ပစ်ခတ်ခဲ့ရာ ရောက်သ် သည် လက်နက်ကို ထားရစ်ကာ ထွက်ပြေးခဲ့သော်လည်း အဝေးပြေးလမ်းမပေါ်တွင် ဖမ်းဆီးခံခဲ့ရသည်။ စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် ထရမ့်၏ ခရီးစဉ်ဇယားကို တိကျစွာစောင့်ကြည့်ခဲ့ပြီး ကျည်ကာပြားများ၊ ကင်မရာများနှင့် ဖုန်း ၆ လုံးကို ကိုင်ဆောင်ကာ အမည်ဝှက်ဖြင့် ပြင်ဆင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

တရားရုံးအတွင်း ရောက်သ်သည် အကျဉ်းသားယူနီဖောင်းဖြင့် လက်ထိပ်ခတ်လျက်ပေါ်လာခဲ့ပြီး အမှုနှင့် မသက်ဆိုင်သည့် ပြည်ပစစ်ပွဲများအကြောင်းကိုသာ ရှည်လျားစွာ ပြောဆိုခဲ့သည်။ ၎င်းက မိမိကိုယ်ကို ရှုံးနိမ့်သူတစ်ဦးအဖြစ်တင်စားကာ သေဒဏ်မချမှတ်သည့်အပေါ် နောင်တရကြောင်းပင် ပြောကြားခဲ့သည်။ တရားလိုရှေ့နေများကမူ ထိုလုပ်ရပ်သည် အမေရိကန်ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်ပြီး နိုင်ငံရေးအကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်းပြသရန် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးသင့်ကြောင်း လျှောက်လဲခဲ့သည်။ ရောက်သ်၏ ရှေ့နေကမူ ၎င်းအား စိတ်မမှန်သော်လည်း စိတ်ရင်းကောင်းသူအဖြစ်တင်ပြကာ ထောင်ဒဏ် ၂၇ နှစ်သာ ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။

အဆိုပါ လုပ်ကြံရန်ကြိုးပမ်းမှုသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တင်းမာနေသည့်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပင်ဆယ် ဗေးနီးယားပြည်နယ်တွင် ထရမ့်အား လုပ်ကြံရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် နှစ်လအကြာတွင် ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တရားခံ၏ ရှေ့နေဖြစ်သူက ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်အပေါ်အယူခံဝင်ရန် ပြင်ဆင်လျက်ရှိသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂