New START နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်နှင့်ပတ်သက်၍ သမ္မတ ထရမ့် မှတ်ချက်ပြု

News Image

  • New START နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်နှင့် ပတ်သက်၍ သမ္မတ ထရမ့် မှတ်ချက်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်နှင့် မော်စကိုတို့ အကြား ချုပ်ဆိုထားသော New START နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်ကို "ညံ့ဖျင်းစွာ ဆွေးနွေးထားသည့် သဘောတူညီချက်" အဖြစ် ပယ်ချလိုက်ပြီး ယင်းအစား အမေရိကန် နျူကလီးယားကျွမ်းကျင်သူများအနေဖြင့် လုံးဝသစ်လွင်သော သဘောတူညီချက် တစ်ရပ်အတွက် စတင်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ မဟာဗျူဟာမြောက် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရားဝင် သက်တမ်း ကုန်ဆုံးသွားခဲ့ရာ မော်စကိုနှင့် ကုလသမဂ္ဂတို့တွင် စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။ သို့သော်လည်း အဘူဒါဘီတွင် ပြုလုပ်နေသည့် ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ နောက်ဆက်တွဲအဖြစ် အမေရိကန်နှင့် ရုရှား တာဝန်ရှိသူများသည် စာချုပ်အား "အဆင့်မြှင့်တင်ရန်" (Updating) အတွက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း Axios သတင်းဌာနက ထိုနေ့မှာပင် ဖော်ပြခဲ့သည်။

ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် သမ္မတ ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် "New START ကို သက်တမ်းတိုးမည့်အစား... မိမိတို့၏ နျူကလီးယားကျွမ်းကျင်သူတွေက အနာဂတ်အထိ ရေရှည်တည်တံ့မည့် ပိုမိုကောင်းမွန်ပြီး ခေတ်မီသည့် စာချုပ်သစ်တစ်ရပ်ကို ရေးဆွဲရန် လုပ်ဆောင်သင့်သည်" ဟု ရေးသားခဲ့သည်။ ထို့ပြင် ၎င်းက အဆိုပါစာချုပ်သည် "ပြင်းထန်စွာ ချိုးဖောက်ခံနေရသည်" ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။

ထရမ့်၏ ရေးသားချက် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က အမေရိကန်အနေဖြင့် ရုရှားနှင့် စာချုပ်သစ်တစ်ရပ်အတွက် ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် သက်တမ်းကုန်ဆုံးသွားသော စာချုပ်ပါပြဋ္ဌာန်းချက်များကို ဆက်လက်လိုက်နာရန် မော်စကိုနှင့် ဝါရှင်တန် တို့အကြား ယာယီသဘောတူညီချက်များ ရရှိထားသည်ဟူသော ပြောဆိုချက်များကိုလည်း သူမက ငြင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂