ပြန်သုံးနိုင်တဲ့ Shenlong အာကာသယာဉ်ကို တရုတ်က စတုတ္ထအကြိမ်မြောက် လွှတ်တင်
တရုတ်နိုင်ငံက ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်တစ်စင်းကို မကြာသေးမီက ကျူကွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ တရုတ်နိုင်ငံအနေနဲ့ ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဉ်ကို စတုတ္ထအကြိမ်မြောက် လွှတ်တင်မှုဖြစ်ပါတယ်။ ဒီယာဉ်ကို "Shenlong" (နတ်နဂါး)ဆိုပြီး အမည်ပေးထားတာပါ။
ဒီအာကာသယာဉ်ဟာ အမေရိကန် အာကာသတပ်ဖွဲ့ရဲ့ X-37B အာကာသယာဉ်နဲ့ လုပ်ဆောင်ချက်ချင်းဆင်တူပါတယ်။
လွှတ်တင်တဲ့အခါမှာ ဒုံးကျည်နဲ့ ပစ်လွှတ်ပေမယ့် ကမ္ဘာမြေကိုပြန်လာတဲ့အခါမှာတော့ သာမန်လေယာဉ်တွေလိုပဲ ပြေးလမ်းပေါ်မှာဆင်းသက်နိုင်တဲ့ နည်းပညာကို အသုံးပြုထားတာပါ။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် ဒီမစ်ရှင်က အာကာသယာဉ်ကို ပြန်လည်အသုံးပြုနိုင်မယ့် နည်းပညာတွေကို စမ်းသပ်ဖို့နဲ့ အာကာသနယ်ပယ်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရေးအတွက်ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အရင်လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တွေဟာ အာကာသထဲမှာ ရက်ပေါင်း ၂၆၀ ကျော်အထိ ကြာအောင်နေဖူးတာကြောင့် အခုတစ်ခေါက် လွှတ်တင်လိုက်တဲ့ ယာဉ်ဟာလည်း အာကာသထဲမှာ ဘယ်လောက်ကြာကြာ နေထိုင်သွားမလဲဆိုတာကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
Ref: IE
ကိုထက်
MWD
