စစ်ဖြစ်လာစေကာမူ ယူရေနီယံသန့်စင်မှုအား ရပ်တန့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အီရန်နိုင်ငံသည် ၎င်း၏ ယူရေနီယံသန့်စင်နိုင်စွမ်းကို စစ်ပွဲဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုများအောက်တွင်ပင် စွန့်လွှတ်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ က တီဟီရန်မြို့၌ ပြုလုပ်သည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ညီလာခံတွင် အခိုင်အမာပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် “ယူရေနီယံ လုံးဝ သန့်စင်ခြင်းမပြုရ” (Zero Enrichment) မူဝါဒကို လိုက်နာရန် ဖိအားပေးတောင်းဆိုနေသော်လည်း အာရက်ချီ က ယူရေနီယံသန့်စင်ခြင်းမှာ အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာဆိုင်ရာ တရားဝင် ရပိုင်ခွင့်ဖြစ်သဖြင့် မည်သူမျှလာရောက်ကန့်သတ်၍မရကြောင်း တုံ့ပြန်ခဲ့သည်။
အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ရှင်းလင်းဖြေရှင်းရန်လမ်းဖွင့်ထားသော်လည်း စစ်ရေးအရ ဖိအားပေးမှုကိုမူ အသိအမှတ်ပြုမည်မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နျူကလီးယားစခန်းများအပေါ်တိုက်ခိုက်မှုများသည် ရည်မှန်းချက်မအောင်မြင်ခဲ့ကြောင်းနှင့် အဆောက်အအုံများကို ဖျက်ဆီးနိုင်သော်လည်း ပိုင်ဆိုင်ထားသည့် နည်းပညာနှင့် အသိပညာကို ဗုံးကြဲဖျက်ဆီး၍မရနိုင်ကြောင်း အာရက်ချီ က ဆိုသည်။ အဆိုပါ သတင်းစကားကို အိုမန်နိုင်ငံ၌ပြုလုပ်သည့် သွယ်ဝိုက်သော ဆွေးနွေးပွဲများတွင်လည်း အမေရိကန်ထံ တိတိကျကျ ပေးပို့ထားပြီး ဖြစ်သည်။
လက်ရှိတွင် ဝါရှင်တန်နှင့် တီဟီရန်ကြား တင်းမာမှုများ အရှိန်မြင့်နေပြီး အမေရိကန်က ဒေသတွင်းသို့ စစ်အင်အားများ ထပ်မံဖြည့်တင်းထားကာ သံတမန်ရေးရာနည်းလမ်းကျရှုံးပါက စစ်ရေးအရ အရေးယူမည်ဟုလည်း အရိပ်အမြွက် ပြောဆိုထားသည်။ ထို့ပြင် အီရန်ပြည်တွင်း၌ စီးပွားရေးအကြပ်အတည်းကြောင့် ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကိုလည်း ထရမ့်အစိုးရက ထောက်ခံအားပေးမည်ဟု ကတိပြုထားသည်။ သို့သော် အီရန်အစိုးရကမူ အမေရိကန်၏ စီးပွားရေးနှင့် စစ်ရေးဖိအားများ အောက်တွင် မည်သည့်အခါမျှ အရှုံးပေးမည်မဟုတ်ကြောင်း ပြတ်သားစွာ ရပ်တည်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
