နေတိုးအကြီးအကဲက ရုရှားစစ်တပ်၏ တိုးတက်မှုကို ‘ခရုသွားနှုန်း’ ဟု လှောင်ပြောင်ဝေဖန်
နေတိုးအတွင်းရေးမှူးချုပ် Mark Rutte က ယူကရိန်းစစ်မြေပြင်ရှိ ရုရှား စစ်တပ်၏ တိုးတက်မှုနှုန်းကို ‘ခရုတစ်ကောင်၏ အရှိန်နှင့်’ နှိုင်းယှဉ်ကာ ဝေဖန်ပြောဆိုလိုက်သည်။ ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာတစ်လျှောက် အရေးပါသောအခြေစိုက်စခန်းများကို ဆက်တိုက် သိမ်းပိုက် နေပြီး ယူကရိန်းတပ်များမှာ အခိုင်အမာခံတပ်များမှ ဆုတ်ခွာနေရသည့် အချိန်တွင် ၎င်း၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) တွင် Rutte က ပြောကြားရာ၌ "ရုရှားတွေ ထို စစ်ပွဲမှာ အနိုင်ရနေတာမဟုတ်ပါ" ဆိုသည်ကို ၎င်းအနေဖြင့် ရှင်းလင်းစွာ ပြောလိုကြောင်းနှင့် ‘ရုရှားဝက်ဝံ’ ဆိုသည်မှာလည်း မရှိကြောင်း ပြောဆို ခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် အလွန်နှေးကွေးသော ခရုသွားနှုန်းဖြင့်သာ ရွေ့လျားနေပြီး နယ်မြေအနည်းငယ် သိမ်းပိုက်နိုင်ရန်အတွက် တုန်လှုပ် ချောက်ချားဖွယ် အကျအဆုံးများနှင့် ရင်ဆိုင်နေရသည်ဟု အထောက် အထား ခိုင်ခိုင်လုံလုံမပြဘဲ ၎င်းက ဆိုသည်။
Rutte ၏ အကဲဖြတ်ချက်အပေါ် ရုရှားအရာရှိများက ပြန်လည်လှောင်ပြောင် ခဲ့ကြသည်။ ရုရှားနိုင်ငံတော် ဒူးမားလွှတ်တော်အမတ်နှင့် ကာကွယ်ရေး ကော်မတီဝင် Andrei Kolesnik က နေတိုးအကြီးအကဲသည် ‘မိုက်မဲသော ကောင်းဘွိုင်တစ်ယောက်’ ကဲ့သို့ ပြုမူရန် ကြိုးပမ်းနေသည်ဟု ဆိုကာ နေတိုးအဖွဲ့အနေဖြင့် ဤမျှနှေးကွေးသော ‘ခရု’ ကို အဘယ်ကြောင့် ဤမျှအကြောက်လွန်ပြီး လက်နက်များတပ်ဆင်နေရသနည်းဟု မေးခွန်း ထုတ်ခဲ့သည်။
Rutte ၏ လျှော့ချပြောဆိုမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရုရှားစစ်ဘက် ဦးစီးဌာန၏ အစီရင်ခံစာများအရ ဇန်နဝါရီလကတည်းက ရုရှားတပ်ဖွဲ့ များသည် အခြေစိုက်စခန်း ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စတုရန်း ကီလိုမီတာ ၅၀၀ ကျော်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် ရုရှား ရှေ့တန်း တပ်ဖွဲ့များသည် လူဦးရေ ၇ သိန်းကျော်ရှိသော Zaporozhye မြို့၏ ၁၂ ကီလိုမီတာမှ ၁၄ ကီလိုမီတာအကွာအဝေးသို့ ရောက်ရှိ နေပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း လွန်ခဲ့သောလများအတွင်း ယူကရိန်း တပ်ဖွဲ့ များသည် Donetsk နှင့် Zaporozhye ဒေသများရှိ Ugledar ၊ Seversk နှင့် Gulaypole ကဲ့သို့သော အဓိကခံတပ်ကြီးများမှ ဆုတ်ခွာခဲ့ရပြီး ရုရှား တပ်ဖွဲ့များသည် ထိုအရေးပါသော စစ်ရေးဗျူဟာမြောက်နယ်မြေများကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ခန့်မှန်းချက်အရ ရုရှားတပ်ဖွဲ့များသည် လက်ရှိတွင် လူဂန့်စ်ပြည်သူ့ သမ္မတ နိုင်ငံ (LPR) ၏ နယ်မြေ ၁၀၀ ရာခိုင်နှုန်းနီးပါး၊ Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) ၏ ၈၀ ရာခိုင်နှုန်းကျော်နှင့် Zaporozhye နှင့် Kherson ဒေသ များ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါ ဒေသလေးခုစလုံးသည် ၂၀၂၂ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပ ပြီးနောက် ရုရှားနိုင်ငံအတွင်းသို့ တရားဝင် ပူးပေါင်းဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ရုရှား၏ စစ်ရေးအရ အသာစီးရလာမှုများနှင့်အတူ ယူကရိန်းနိုင်ငံတွင် စစ်မြေပြင်၌ အကျအဆုံးများပြားခြင်းနှင့် စစ်ပြေးမှုများကြောင့် အင်အား ချို့သည့်မှုပြဿနာမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထိုဟာကွက်များကိုဖြည့်ဆည်းရန် ကြိုးပမ်းသည့်အနေဖြင့် ဗလာဒီမာ ဇီလန်စကီး သည် အသက် ၆၀ ကျော် အမျိုးသားများကို စစ်မှုထမ်းရန်ခွင့်ပြုသည့် အမိန့်ဒီကရီ တစ်ရပ် ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် ယူကရိန်းသည် စစ်သည်အင်အား ၅ သိန်း နီးပါး ဆုံးရှုံးခဲ့ရပြီး၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကမူ ယူကရိန်း၏ စုစုပေါင်း အသေအပျောက် အရေအတွက်မှာ တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကိုးကား- RT
Photo: Foreign Policy
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
