ကျောင်းကုန်းမြို့နယ်တွင် မြေပဲဆန်များ အရောင်းအဝယ် ကောင်းမွန်နေ
ကျောင်းကုန်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် မြေပဲဆန်များ ဝယ်ယူအားကောင်းခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မြတ်မေက ပြောပြ၍ သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ ယနေ့ထိ မြေပဲဆန်များ အရောင်းအဝယ်ကောင်းမွန်လာကြောင်း၊ အဆိုပါ မြေပဲဆန်များ အရောင်းအဝယ်ကောင်းလာခြင်းသည် မြေပဲဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများက မြေပဲဆန်များ ဝယ်ယူမှုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
“ကျောင်းကုန်းမြို့နယ် ပဲဈေးကွက်ထဲကို ဒေသထွက်မြေပဲဆန်တွေအပြင် အခြားဒေသက မြေပဲဆန်တွေပါ ဝင်ရောက်နေပါတယ်။ လက်ရှိ မြေပဲဆန် တစ်ပိဿာကို ငွေကျပ် ၁၁၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ မြေပဲဆီတွေ ထုတ်လုပ်မှုအားကောင်းလာတာကြောင့် မြေပဲဆန်တွေ အရောင်းအဝယ်ကောင်းလာတာပါ။ မြေပဲဆန်တွေက အခုထက် အရောင်းအဝယ်ပိုကောင်းလာဖို့ပဲရှိပါတယ်။ အခုလို မြေပဲဆန်တွေ အဝယ်လိုက်နေတော့ တောင်သူတွေ၊ လုပ်သားတွေနဲ့ ပွဲရုံပိုင်ရှင်တွေ အဆင်ပြေလာပါတယ်” ဟု ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်မေ ကပြောပြသည်။
ကျောင်းကုန်းမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် မြေပဲဆန်များကို ဝယ်ယူကြိတ်ခွဲပြီး မြေပဲဆီ၊ မြေပဲဆန်များ ထုတ်လုပ်ကာ ဝယ်ယူသည့်ဒေသများသို့ စနစ်တကျ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံသတင်းစာ
