ဂျာမနီရှိ နာဇီအကျဉ်းစခန်းဟောင်းတွင် ဆန္ဒပြရန် ပါလက်စတိုင်း လိုလားသူများ စီစဉ်မှုအပေါ် အထိမ်းအမှတ်ဖောင်ဒေးရှင်းက ပြစ်တင် ရှုတ်ချ

News Image

  • ဂျာမနီရှိ နာဇီအကျဉ်းစခန်းဟောင်းတွင် ဆန္ဒပြရန် ပါလက်စတိုင်း လိုလားသူများ စီစဉ်မှုအပေါ် အထိမ်းအမှတ်ဖောင်ဒေးရှင်းက ပြစ်တင် ရှုတ်ချ

ဂျာမနီနိုင်ငံရှိ ဘူခန်ဝေါ့လ်ဒ် (Buchenwald) နာဇီအကျဉ်းစခန်းဟောင်း အထိမ်းအမှတ်နေရာတွင် ပါလက်စတိုင်းလိုလားသည့် အဖွဲ့အစည်းအချို့က ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်နေမှုကို အထိမ်းအမှတ်ဖောင်ဒေးရှင်းက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။ အဆိုပါ ‘Keffiyehs in Buchenwald’ အွန်လိုင်းလှုပ်ရှားမှုကို ထောက်ခံသူများက အထိမ်းအမှတ်နေရာ စီမံခန့်ခွဲရေးအဖွဲ့သည် "အစ္စရေးဝါဒဖြန့်မှုများ" ပြုလုပ်နေပြီး ပါလက်စတိုင်းတွင် ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးနေသည်ဟု စွပ်စွဲထားကြသည်။ ၎င်းတို့သည် အမေရိကန်တပ်ဖွဲ့များက အကျဉ်းစခန်းကို ကယ်တင်နိုင်ခဲ့သည့် ၈၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပမည့် လာမည့်ဧပြီလတွင် လူထုဆန္ဒပြပွဲပြုလုပ်ရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။

ဘူခန်ဝေါ့လ်ဒ်နှင့် မစ်တယ်ဘောင်-ဒိုရာ အထိမ်းအမှတ်ဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိသူ ရီကိုလာ-ဂန်နာ လုဂ်ဂျန်နောင်းကမူ ယခုလှုပ်ရှားမှုသည် နာဇီသားကောင်များအတွက် ရည်စူးထားသည့် အခမ်းအနားကို နိုင်ငံရေးရည်မှန်းချက်များအတွက် မလျော်ကန်စွာ အသုံးချခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် ဟားမက်တို့၏ တိုက်ခိုက်မှုကို ဂုဏ်ပြုနေကြသူများနှင့် အစ္စရေးနိုင်ငံ တည်ရှိခွင့်ကို ငြင်းပယ်သူများအတွက် အဆိုပါနေရာတွင် နေရာမရှိဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူများက အထိမ်းအမှတ်နေရာအတွင်း ပါလက်စတိုင်း ရိုးရာ ခေါင်းပေါင်း (Keffiyeh) ဝတ်ဆင်ခွင့် ပိတ်ပင်ထားခြင်းကိုလည်း ဝေဖန်ခဲ့ကြသည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် ဂျာမန်တရားရုံးတစ်ခုက ဂျူး လူမျိုးများ၏ လုံခြုံစိတ်ချရမှုခံစားချက်ကို ကာကွယ်ရန်အတွက် အဆိုပါ အထိမ်းအမှတ်နေရာ၌ Keffiyeh ဝတ်ဆင်သူများကို ဝင်ရောက်ခွင့် ငြင်းပယ်ရန် အခွင့်အာဏာရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ထားပြီး ဖြစ်သည်။

၁၉၃၇ မှ ၁၉၄၅ ခုနှစ်အတွင်း ဘူခန်ဝေါ့လ်ဒ် အကျဉ်းစခန်းတွင် လူပေါင်း ၅၆,၀၀၀ ခန့် သေဆုံးခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့သည်။ လက်ရှိ ဂါဇာ စစ်ပွဲမှာမူ ဟားမက်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ရပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်မှစ၍ အစ္စရေး၏ စစ်ဆင်ရေးများအတွင်း ပါလက်စတိုင်းလူမျိုး ၇၂,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂