ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် လက်ဝဲယိမ်းများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် လက်ယာယိမ်းတက်ကြွလှုပ်ရှားသူအတွက် လူပေါင်း ၃,၂၀၀ ကျော် ချီတက်ဂုဏ်ပြု
ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင် လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများနှင့် ဖြစ်ပွားသော ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့သည့် အမျိုးသားရေး ဝါဒီ ကွမ်တင် ဒီရန်ကေး (Quentin Deranque) ကို ဂုဏ်ပြုသောအားဖြင့် စနေနေ့ (ဖေဖော်ဝါရီ ၂၁) က လူပေါင်း ၃,၂၀၀ ကျော် ချီတက် ဆန္ဒပြခဲ့ကြသည်။ အသက် ၂၃ နှစ်အရွယ် သင်္ချာကျောင်းသား ဒီရန်ကေးသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က လက်ယာယိမ်းအမျိုးသမီးအဖွဲ့ Nemesis အတွက် အလွတ်သဘော လုံခြုံရေးယူပေးနေစဉ် လက်ဝဲယိမ်းအုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရင့် နူးညက်စ်က ‘တမင်ရည်ရွယ်သော ဝိုင်းဝန်းသတ်ဖြတ်မှု’ အဖြစ် သတ်မှတ်ပြောကြားခဲ့ပြီး ပြင်သစ်တစ်နိုင်ငံလုံးတွင် ပြင်းထန်သော ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားရာ ၎င်းတို့အနက် နှစ်ဦးမှာ လက်ဝဲယိမ်း La France Insoumise (LFI) ပါတီမှ လွှတ်တော်အမတ် ရာဖေးလ် အာနိုး၏ လက်ထောက်များ ဖြစ်နေကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်သည့် ချီတက်ပွဲတွင် ဆန္ဒပြသူများသည် ‘ကွမ်တင်အတွက် တရားမျှတမှုပေး’၊ ‘လက်ဝဲစွန်းများ လူသတ်နေသည်’ နှင့် ‘Jeune Garde အဖွဲ့ကို ထောင်ချ’ စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။ ချီတက်ပွဲအတွင်း ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့များနှင့် ဆန္ဒပြသူများအကြား အပြန်အလှန် အော်ဟစ်ဆဲဆိုမှုအချို့ ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးစည်းချကာ ထိန်းသိမ်းနိုင်ခဲ့သဖြင့် ကြီးမားသော ပဋိပက္ခမရှိဘဲ ပြီးဆုံးခဲ့သည်။ အာဏာပိုင်များက ဓားနှင့်တူ ကိုင်ဆောင်ထားသူ တစ်ဦးအပါအဝင် စုစုပေါင်း နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
