ထရမ့်၏ ဆေးရုံသင်္ဘောစေလွှတ်မည့် အဆိုပြုချက်အား ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအစိုးရ ဝန်ကြီးချုပ် ငြင်းပယ်

News Image

  • ထရမ့်၏ ဆေးရုံသင်္ဘောစေလွှတ်မည့် အဆိုပြုချက်အား ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအစိုးရ ဝန်ကြီးချုပ် ငြင်းပယ်

ဂရင်းလန်းကျွန်းအနေဖြင့် အမေရိကန်သမ္မတ ထရမ့်က အဆိုပါကျွန်းသို့ စေလွှတ်မည့် ဆေးရုံသင်္ဘော တစ်စင်းအား လက်ခံရန်ဆန္ဒမရှိဟု ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိုးရဝန်ကြီးချုပ် Jens-Frederik Nielsen က ဖေဖော်ဝါရီ  ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ အဖြေကတော့မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်” ဟု Jens-Frederik Nielsen က ထိုနေ့တွင် Facebook ၌ ပို့စ်တင်၍ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနေပြည်သူများသည် အခမဲ့ဆေးကုသမှုကို ခံစားခွင့်ရှိကြောင်း၊ ယင်းစနစ်သည် ဒေသတွင်းလူမှုအသိုက်အဝန်း၏ “အခြေခံ ဖွဲ့စည်းပုံ အစိတ်အပိုင်း” ဖြစ်ကြောင်း၊ “ယင်းက အမေရိကန်နှင့် မတူပါ၊ အမေရိကန်မှာ ဆရာဝန်ပြလျှင် ငွေကုန်ကျရပါသည်” ဟု ၎င်းက ဆိုသည်။

ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသည် အမေရိကန်အပေါ် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောထားလက်ကိုင်ထားကြောင်း၊ သို့သော် အမေရိကန်ဘက်က “လူမှုမီဒီယာပေါ်မှာ ပေ့ါပြက်ပြက် သဘောဆောင်သည့် မှတ်ချက်တွေ ထုတ်ဖော်ပြောကြားနေမည့်အစား မိမိတို့နှင့် ဦးစွာ ချိတ်ဆက်ဆွေးနွေးရန်” မျှော်လင့်ကြောင်း Jens-Frederik Nielsen က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် လေးစားမှုကို ရှေ့တန်းတင်ထား သင့်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ထရမ့်က “ထိုနေရာက နေမကောင်းပြီး ဂရုစိုက်ပြုစုခြင်း မခံရသည့်သူများကို ပြုစုစောင့်ရှောက်ပေးရန်အတွက်” ဂရင်းလန်းကျွန်းသို့ ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်းဖြစ်သည်။ ထိုကျွန်းတွင် အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။ ထိုမတိုင်မီ ထရမ့်က “အမျိုးသားလုံခြုံရေး” ဟူသော အကြောင်းပြချက်ဖြင့် ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ကြုံးဝါးပြောဆိုခဲ့သည်။

ကိုးကား - Xinhua