ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေနှင့် ရုရှားအပေါ် ပိတ်ဆို့မှုများကို ဟန်ဂေရီနိုင်ငံ ဗီတိုအာဏာသုံး တားဆီး

News Image

  • ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေနှင့် ရုရှားအပေါ် ပိတ်ဆို့မှု များကို ဟန်ဂေရီနိုင်ငံ ဗီတိုအာဏာသုံး တားဆီး

ယူကရိန်းနိုင်ငံက ၎င်းတို့နိုင်ငံသို့ရေနံပေးပို့မှုများကို တမင်သက်သက် နှောင့်ယှက်ဖျက်ဆီးနေသည်ဟု အကြောင်းပြချက်ပေးကာ ယူကရိန်းအတွက် ဥရောပသမဂ္ဂ (EU) ကပေးအပ်မည့် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) အရေးပေါ်ချေးငွေနှင့် ရုရှားအပေါ် ချမှတ်မည့် နောက်ဆုံး ပိတ်ဆို့မှု အစီအစဉ်များကို ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာသုံးကာပယ်ချ လိုက်သည်။

ဆိုဗီယက်ခေတ်ကတည်ဆောက်ခဲ့ပြီး ရုရှားရေနံစိမ်းများကို ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံများသို့ ပို့ဆောင်ပေးနေသည့် Druzhba ရေနံ ပိုက်လိုင်း နှင့်ပတ်သက်၍ ကိယက်ဗ်နှင့်ဘူဒါပတ်စ်တို့အကြား အချေအတင် အငြင်းပွားမှုများ ပြင်းထန်နေချိန်တွင် ဟန်ဂေရီက ယခုကဲ့သို့ နှစ်ထပ်ကွမ်း ဗီတို အာဏာသုံး တားဆီးလိုက်ခြင်း ဖြစ်သည်။ ဇန်နဝါရီလ နှောင်းပိုင်းကတည်းက ရပ်တန့်နေသည့် အဆိုပါ ပိုက်လိုင်းပျက်စီးမှုမှာ ရုရှား၏ လက်ချက်ဖြစ်သည်ဟု ယူကရိန်းက ပြောဆိုသော်လည်း ရုရှားကမူ ယင်း စွပ်စွဲချက်ကို ငြင်းဆိုထားသည်။

ဟန်ဂေရီအစိုးရသည် မော်စကို၏ ရပ်တည်ချက်အတိုင်းပင် ယူကရိန်း သည် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရေနံပေးပို့မှုများကို တမင်တကာ ထိန်းချုပ်ထားပြီး ၎င်းတို့နိုင်ငံအား ရေနံပိတ်ဆို့မှုအောက်ရောက်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲကာ လက်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက် ထားသည်။

ချေးငွေနှင့် ပိတ်ဆို့မှုများအကြောင်းဆွေးနွေးသည့် EU ထိပ်တန်း သံတမန် များ အစည်းအဝေးအပြီးတွင် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က “ယူကရိန်းနိုင်ငံသားများအနေဖြင့် မိမိတို့ကို အကျပ်ကိုင်၍ မရပါ ၊ ဘရပ်ဆဲလ် ၊ ဟန်ဂေရီ အတိုက်အခံများနှင့် ပူးပေါင်းပြီး ဟန်ဂေရီ၏ စွမ်းအင် လုံခြုံရေးကို အန္တရာယ်ဖြစ်အောင် ၎င်းတို့ မလုပ်နိုင်ပါဘူး ၊ ယင်းက မဖြစ်နိုင်သည့် ကိစ္စပါ” ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas ကမူ အဆိုပါ အစီအစဉ်များကို အစည်းအဝေးတွင် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ ယခုကဲ့သို့ အဟန့်အတား ဖြစ်သွားခြင်းသည် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပြီး “ယနေ့မှာ ကျွန်မတို့ ပေးချင်သည့် သတင်းစကားမျိုး မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယူရို ၉၀ ဘီလီယံ ချေးငွေအစီအစဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က ဟန်ဂေရီ၊ စလိုဗက်ကီးယား နှင့် ချက်သမ္မတနိုင်ငံတို့သည် ယင်းအစီအစဉ်တွင် ငွေကြေးထည့်ဝင်ခြင်း မပြုရန် ခြွင်းချက် (Opt-out scheme) ရရှိထားခဲ့ကြသည်။

ရေနံပေးပို့မှု ပြတ်တောက်မှုဒဏ်ကို ခံနေရသည့် အခြားတစ်နိုင်ငံ ဖြစ်သော စလိုဗက်ကီးယားသည်လည်း ဟန်ဂေရီနည်းတူ ယူကရိန်းအား လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားပြီး Druzhba ပိုက်လိုင်း လုပ်ငန်းစဉ်များကို ချက်ချင်းပြန်လည်စတင်ရန် ကိယက်ဗ်ကို တောင်းဆိုထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုနှစ်နိုင်ငံလုံးက ပိုက်လိုင်းပြန်လည် မလည်ပတ် နိုင်မချင်း ယူကရိန်းသို့ ဒီဇယ်တင်ပို့မှုများကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ယခုသီတင်းပတ်ကုန်တွင် စလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico က ယူကရိန်းအနေဖြင့် နှစ်ရက်အတွင်း ရေနံ ပို့ဆောင်မှုများကို ပြန်မလုပ်ပေးပါက ယူကရိန်းသို့ ပို့ဆောင်ပေးနေသည့် အရေးပေါ်လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်မည် ဟု ထပ်မံခြိမ်းခြောက်ခဲ့သည်။ (ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစ၍ ယူကရိန်းသို့ လျှပ်စစ် ဓာတ်အား ပေးပို့မှု ရပ်ဆိုင်းခဲ့သည်။)

ရုရှား၏ တာဝေးပစ်တိုက်ခိုက်မှုများကြောင့်ပျက်စီးနေသော ယူကရိန်း၏ လျှပ်စစ်ကွန်ရက်ကို တည်ငြိမ်စေရန်အတွက် ဇန်နဝါရီလ တစ်လတည်း ၌ပင် စလိုဗက်ကီးယားထံမှရရှိသော အရေးပေါ်လျှပ်စစ်ဓာတ်အားမှာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးရရှိခဲ့သည့် ပမာဏထက်ပင် ပိုများကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂