အာဏာရှင်ဟု ထရမ့်၏စွပ်စွဲမှုကို ယူကရိန်းခေါင်းဆောင် ပယ်ချ၊ ထရမ့်သည်လည်း အာဏာတွင် ထာဝရရှိနေမည်မဟုတ်ဟု တုံ့ပြန်
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ၎င်းအား အာဏာရှင်တစ်ဦးဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး၊ တစ်ဆက်တည်းမှာပင် ထရမ့်သည်လည်း အာဏာတွင် ထာဝရတည်မြဲနေမည်မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ ဇီလန်စကီး၏ သမ္မတသက်တမ်းမှာ လွန်ခဲ့သော နှစ်နှစ်နီးပါးကပင် ကုန်ဆုံးခဲ့ပြီဖြစ်သောကြောင့် ၎င်းအား တရားဝင်မှုမရှိသူအဖြစ် ရုရှားက သတ်မှတ်ထားသည်။
တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) က ထုတ်လွှင့်ခဲ့သည့် BBC နှင့် အင်တာဗျူး တွင် "စစ်ပွဲကို စတင်ခဲ့သည့် အာဏာရှင်တစ်ဦး" ဟူသော ထရမ့်၏ စွပ်စွဲချက်အပေါ် မှတ်ချက်ပေးရန် ဇီလန်စကီးကို မေးမြန်းခဲ့ရာတွင် ၎င်းက ရယ်မောလျက် "မိမိဟာ အာဏာရှင် မဟုတ်သလို၊ စစ်ပွဲကို စတင်ခဲ့သူ လည်း မဟုတ်ပါဘူး ၊ ဒါပါပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ပါဝင်လာမည့် လုံခြုံရေး အာမခံချက်များကို အမေရိကန်သမ္မတက ဆက်လက် ထိန်းသိမ်းပေးမည် ဟု ယုံကြည်နိုင်ပါသလားဟု မေးမြန်းရာတွင် ဇီလန်စကီးက ထရမ့်သည်လည်း အာဏာတွင် ထာဝရရှိနေမည်မဟုတ်ကြောင်း အရိပ်အမြွက် ထည့်သွင်း ပြောဆိုခဲ့သည်။
"ယင်းက သမ္မတ ထရမ့် တစ်ယောက်တည်းကို ဆိုလိုခြင်း မဟုတ်ပါ၊ မိမိတို့က အမေရိကန် နိုင်ငံအကြောင်းကို ပြောနေတာပါ ၊ မိမိတို့ အားလုံးသည် သတ်မှတ်ထားသည့် သက်တမ်းအလိုက် သမ္မတ တာဝန်ယူကြရတာပါ ၊ ဥပမာအားဖြင့် မိမိတို့က နှစ်ပေါင်း ၃၀ စာလောက်အထိ အာမခံချက်မျိုးတွေကို လိုချင်တာပါ ၊ နိုင်ငံရေး အထက်တန်းလွှာတွေ ပြောင်းလဲသွားမည်၊ ခေါင်းဆောင်တွေလည်း ပြောင်းလဲသွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
