အိမ်ဖြူတော်၏ 'လိမ်လည်လှည့်ဖြားမှု တိုက်ဖျက်ရေးစစ်ပွဲ' ကို ဂျေဒီဗန့်စ် က ဦးဆောင်မည်ဖြစ်ကြောင်း ထရမ့် ကြေညာ

News Image

  • အိမ်ဖြူတော်၏ 'လိမ်လည်လှည့်ဖြားမှု တိုက်ဖျက်ရေးစစ်ပွဲ' ကို ဂျေဒီဗန့်စ် က ဦးဆောင်မည်ဖြစ်ကြောင်း ထရမ့် ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်အနေဖြင့် "လိမ်လည်လှည့်ဖြားမှု တိုက်ဖျက်ရေးစစ်ပွဲ" (War on Fraud) ကို လွန်ခဲ့သော ၄ လကတည်းက စတင်ခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါလုပ်ငန်းစဉ်ကိုဦးဆောင်ရန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ် (JD Vance) အား တရားဝင် တာဝန်ပေးအပ်လိုက်ကြောင်း ကြေညာခဲ့သည်။

သမ္မတ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) အတွင်း မင်နီဆိုးတား ပြည်နယ်ရှိ ဆိုမာလီ-အမေရိကန် လူ့အဖွဲ့အစည်းကို သီးသန့်ရည်ညွှန်းပြီး ထိုပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် လိမ်လည်လှည့်ဖြားမှုများရှိနေကြောင်း အကြိမ်ကြိမ်ပြောကြားကာ ယခုကဲ့သို့ ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

“မင်နီဆိုးတားထက် ပိုဆိုးသည့်သာဓက မရှိတော့ပါ ၊ ထိုနေရာမှာရှိသည့် ဆိုမာလီလူ့အဖွဲ့အစည်းဝင်များသည် အမေရိကန် အခွန်ထမ်းတွေဆီကနေ ခန့်မှန်းခြေ ဒေါ်လာ ၁၉ ဘီလီယံလောက်ကို ခိုးယူခဲ့ကြပါသည်” ဟု ထရမ့်က ပြောကြားခဲ့သည်။ “မိမိတို့ဆီမှာ အချက်အလက်အားလုံး ရှိပါသည် ၊ တကယ်တမ်းကျတော့ ထိုပမာဏက ဒီထက်တောင် အများကြီး ပိုပါသေးသည်” ဟု ဆိုသည်။

ထို့အပြင် ကာလီဖိုးနီးယား ၊ မက်ဆာချူးဆက်နှင့် မိန်းပြည်နယ်တို့တွင်လည်း အလားတူ လိမ်လည်လှည့်ဖြားမှုပုံစံများရှိနေကြောင်း ထရမ့် က ထပ်လောင်း ပြောဆိုခဲ့သည်။ မင်နီဆိုးတားနှင့်ပတ်သက်၍ ၎င်း၏ မှတ်ချက်များသည် ၂၀၂၂ ခုနှစ်တွင် ပထမဆုံး လူသိရှင်ကြား ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့သည့် ပြည်နယ်အစိုးရ စီမံခန့်ခွဲသော လူမှုကူညီရေးအစီအစဉ်များရှိ လိမ်လည်လှည့်ဖြားမှု စွပ်စွဲချက်များကို ရည်ညွှန်းခြင်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂