ဘိုင်ဒင်သည် လူသတ်သမားပေါင်း ၁၁,၈၈၈ ဦးကို ရွှေ့ပြောင်းနေထိုင်သူများအဖြစ် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု ထရမ့် စွပ်စွဲပြောဆို

News Image

  • ဘိုင်ဒင်သည် လူသတ်သမားပေါင်း ၁၁,၈၈၈ ဦးကို ရွှေ့ပြောင်းနေထိုင်သူများအဖြစ် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု ထရမ့် စွပ်စွဲပြောဆို

သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) တွင် ဘိုင်ဒင်အစိုးရ၏ နယ်စပ်မူဝါဒများကို ဝေဖန်ပြောကြားစဉ် "ဘိုင်ဒင်အစိုးရသည် လူသတ်သမားပေါင်း ၁၁,၈၈၈ ဦးကို ရွှေ့ပြောင်းနေထိုင်သူများအဖြစ် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်" ဟူသော ၎င်း၏ အဖန်ဖန် စွပ်စွဲချက်ကို ပြန်လည် ပြောဆိုခဲ့သည်။ ၎င်းက “၎င်းတို့က လူသတ်သမားတွေပါ ၊ လူသတ်သမားပေါင်း ၁၁,၈၈၈ ဦးပါ ၊ ၎င်းတို့သည် မိမိတို့ နိုင်ငံထဲကို ဝင်လာခဲ့ကြတာပါ” ဟု ပြောကြားခဲ့သည်။

သို့သော် ထရမ့်သည် ဖယ်ဒရယ်အချက်အလက်များကို မှားယွင်းစွာ ဖော်ပြနေခြင်းဖြစ်သည်။ ထရမ့် ရည်ညွှန်းနေသည့် “၁၁,၈၈၈” ဆိုသော ကိန်းဂဏန်းသည် ဘိုင်ဒင်လက်ထက်တွင်မှ ဝင်ရောက်လာသူများမဟုတ်ဘဲ ထရမ့်၏ ပထမသက်တမ်းအပါအဝင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမေရိကန်သို့ ဝင်ရောက်လာခဲ့ကြသည့် နိုင်ငံသားမဟုတ်သူများကို ဆိုလိုခြင်းဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဌာန (DHS) နှင့် လွတ်လပ်သောကျွမ်းကျင်သူများက ထောက်ပြထားကြသည်။

ထိုသူများသည် အမေရိကန်သို့ ရောက်ရှိလာပြီးနောက် (များသောအားဖြင့် အမေရိကန်နိုင်ငံအတွင်း၌ပင်) လူသတ်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံထားရသူများဖြစ်ပြီး လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ၏ “ထိန်းသိမ်းမထားသော စာရင်း” (Non-detained docket) တွင် ပါဝင်နေသူများဖြစ်သည်။ ထို့အပြင် ထရမ့် စွပ်စွဲထားသကဲ့သို့ လွတ်လပ်စွာသွားလာနေကြသူများမဟုတ်ဘဲ အများစုမှာ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- CNN

Photo: DW.com

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂