သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်အမတ်များ အတွင်းသတင်းသုံး၍ စတော့ရှယ်ယာရောင်းဝယ်ခြင်းကိုပိတ်ပင်ရန် တိုက်တွန်းပြီး Pelosi ကိုလည်း တိုက်ခိုက်ပြောဆို
သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်အမတ်များအနေဖြင့် အတွင်းသတင်းများကို အသုံးချပြီး မရိုးမသား အကျိုးအမြတ်ရှာခြင်းမျိုးမလုပ်နိုင်စေရန်အတွက် တားမြစ်ပိတ်ပင်ရန် လွှတ်တော်ကို တိုက်တွန်းလိုက်သည်။ ထိုကဲ့သို့ပြောကြားရာတွင် ၎င်း၏ အဓိကပြိုင်ဘက် ဒီမိုကရက်တစ်ပါတီဝင်၊ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi ကိုလည်း အမည်တပ်ဝေဖန်ခဲ့သည်။
ထရမ့်နှင့် ရီပတ်ဘလီကန်များသည် Pelosi နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့က နိုင်ငံရေးရာထူးအာဏာကိုအသုံးပြုပြီး ငွေကြေးအကျိုးအမြတ် ရှာဖွေနေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့ကြသည်။ Pelosi ကမူ သူမခင်ပွန်း၏ စတော့ရှယ်ယာရောင်းဝယ်မှုများသည် အတွင်းသတင်းများပေါ်တွင် အခြေခံထားခြင်းမဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားသည်။ သူမ၏ ရုံးအဖွဲ့ကလည်း ခင်ပွန်းဖြစ်သူ၏ မည်သည့်ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွင်မဆို Pelosi ပါဝင်ပတ်သက်မှု မရှိကြောင်း ယခင်ကတည်းက ထုတ်ပြန်ထားဖူးသည်။
လက်ရှိတွင် ရီပတ်ဘလီကန်များ ဦးဆောင်နေသော အောက်လွှတ်တော်သည် ထရမ့် ထောက်ခံထားသည့် စတော့ရှယ်ယာရောင်းဝယ်မှုပိတ်ပင်ရေး ဥပဒေကြမ်းကို အတည်မပြုရသေးသကဲ့သို့ Pelosi ကိုယ်တိုင်လည်း သူမ ဥက္ကဋ္ဌ တာဝန်ယူစဉ်က အလားတူ ဥပဒေကြမ်းမျိုးကို လွှတ်တော်သို့ တင်သွင်းရန် ငြင်းဆန်ခဲ့ဖူးသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
