ရုရှား-ယူကရိန်းစစ်ပွဲ (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထရမ့်က စစ်ပွဲအကြောင်းကို အပေါ်ယံမျှသာ ထည့်သွင်းပြောကြားခဲ့
ရုရှား-ယူကရိန်းစစ်ပွဲ (၄) နှစ်ပြည့်မြောက်သည့်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) ၌ သမ္မတ ဒေါ်နယ်ထရမ့် က စစ်ပွဲအကြောင်းကို ခေတ္တမျှသာ ထည့်သွင်းပြောကြားသွားခဲ့သည်။
၎င်း၏ မိန့်ခွန်းအတွင်း ထရမ့်သည် ၎င်းသမ္မတတာဝန်ယူပြီးကတည်းက စစ်ပွဲပေါင်း (၈) ခုကို အဆုံးသတ်နိုင်ခဲ့သည်ဟူသော ၎င်း၏ အမြဲတစေ ပြောဆိုချက်ကို ချီးကျူးထည့်သွင်းပြောဆိုခဲ့ပြီး ထို့နောက်မှ ယူကရိန်း အရေးသို့ လှည့်ခဲ့သည်။
“မိမိတို့ ကိုးခုမြောက်စစ်ပွဲကိုအဆုံးသတ်ရန် အပြင်းအထန် ကြိုးစားနေပါသည် ၊ ထိုစစ်ပွဲကတော့ တစ်လကို စစ်သည်ပေါင်း ၂၅,၀၀၀ သေဆုံးနေရသည့် ရုရှားနှင့် ယူကရိန်းကြားက သတ်ဖြတ်မှုများနှင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေပါပဲ ၊ စဉ်းစားကြည့်ကြပါ ၊ တစ်လကို စစ်သား ၂၅,၀၀၀ သေဆုံးနေတာပါ” ဟု ထရမ့်က ပြောကြားခဲ့ပြီး ၎င်းအမြဲပြောလေ့ရှိသည့်အတိုင်း “အကယ်၍ မိမိသာ သမ္မတဖြစ်နေလျှင် ထိုစစ်ပွဲဟာ မည်သည့်အခါမျှ ဖြစ်လာမှာမဟုတ်ပါ” ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။
ထရမ့်သည် ၎င်း၏ကျန်ရှိသောမိန့်ခွန်းအတွင်း ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ နေတိုး (NATO) ဆိုင်ရာအခန်းကဏ္ဍတွင် တစ်ကြိမ်သာထပ်မံထည့်သွင်းပြောဆိုခဲ့ပြီး၊ အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့နေသည့် လက်နက်များကို အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့မှတစ်ဆင့်ပေးပို့နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း၌မူ ထရမ့်က ၎င်းသမ္မတ ဖြစ်လာပါက ၂၄ နာရီအတွင်း ယူကရိန်းစစ်ပွဲကို ဖြေရှင်းပေးမည်ဟု အဖန်ဖန် ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်းပထမတစ်နှစ်အတွင်း အမေရိကန်၏ သံတမန်ရေးရာ ကြိုးပမ်းမှုများသည် ရုရှားနှင့် ယူကရိန်းအကြားတိုက်ပွဲများကို ရပ်တန့်နိုင်ခြင်း မရှိသေးပေ။
ထရမ့်ကိုယ်တိုင်က နှစ်ဖက်ခေါင်းဆောင်များကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် အကြိမ်ကြိမ်တွေ့ဆုံခြင်း၊ ပြီးခဲ့သည့် သြဂုတ်လက အလက်စကာတွင် ရုရှားသမ္မတ ပူတင်နှင့် ထိပ်သီးအစည်းအဝေး ကျင်းပခြင်းများ ပြုလုပ်ခဲ့သော်လည်း စစ်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
