အီရန်အရေးနှင့်ပတ်သက်၍ ထင်ရှားသော်လည်း မရေရာသေးသည့် ၎င်း၏ သဘောထားကို ထရမ့် ရှင်းလင်းပြောကြား
သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံပတ်ဝန်းကျင်တွင် အမေရိကန် စစ်အင်အားများ စုရုံးနေရခြင်းနှင့်ပတ်သက်၍ အထင်ရှားဆုံးသော ရှင်းလင်းချက်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်း၏ ရည်မှန်းချက်မှာ အီရန်အနေဖြင့် နျူကလီးယားလက်နက် မပိုင်ဆိုင်စေရေး သေချာစေရန်ဖြစ်ကြောင်း ဆိုသော်လည်း တီဟီရန်ကို စစ်မက်ဖြင့် ခြိမ်းခြောက်နေရသည့် ၎င်း၏ မဟာဗျူဟာမြောက်ရည်မှန်းချက်အပြည့်အစုံကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။
ထရမ့်က ၎င်း၏မိန့်ခွန်းတွင် အီရန်အကြောင်း ထည့်သွင်းပြောကြားရာ၌ “၎င်းတို့က သဘောတူညီချက်တစ်ခု ရချင်နေကြသော်လည်း ကျွန်တော်တို့ ကြားချင်နေသည့် စကားလုံးကိုတော့ ၎င်းတို့ဆီက မကြားရသေးပါ ၊ ထိုစကားကတော့ ‘ငါတို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ လုံးဝလုပ်မှာမဟုတ်ဘူး’ ဆိုတာပါပဲ” ဟု ဆိုသည်။ ထို့အပြင် ၎င်းအနေဖြင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန်သာ ပိုမိုလိုလားကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
လက်တွေ့တွင်မူ အီရန်နိုင်ငံသည် နျူကလီးယားဗုံးထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်သည်။ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) ကပင် အီရန်နိုင်ငံခြားရေးဝန်ကြီးက တီဟီရန်သည် နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေခြင်းမရှိကြောင်း အတိအလင်း အတည်ပြုပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အမေရိကန်နှင့် ဆွေးနွေးမှုအသစ်ကို ဦးဆောင်မည့် Abbas Araghchi က X လူမှုကွန်ရက်တွင် “ကျွန်တော် တို့၏ အခြေခံခံယူချက်က ရှင်းလင်းပြတ်သားပါသည် ၊ အီရန်အနေဖြင့် မည်သည့်အခြေအနေမျိုးမှာမှ နျူကလီးယားလက်နက်ကို ထုတ်လုပ်မှာ မဟုတ်ပါ” ဟု ရေးသားခဲ့သည်။
အီရန်က နျူကလီးယားလက်နက်မထုတ်လုပ်ပါဟု ငြင်းဆိုနေခြင်းအပေါ် မှန်ကန်မှု ရှိ၊ မရှိ လူအများက သံသယရှိနေကြသည်။ ယခင်ကလည်း တီဟီရန်သည် ယူရေနီယံသန့်စင်မှုကို လက်နက်အဆင့်မီ ထုတ်လုပ်နိုင်ရန် နည်းပညာအရ ခြေတစ်လှမ်းအလိုအဆင့်အထိ လုပ်ဆောင်ခဲ့ ဖူးသည်။
သို့သော် ထရမ့်ကမူ ပြီးခဲ့သည့် ဇွန်လအတွင်း အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုများက “အီရန်၏ နျူကလီးယားလက်နက်အစီအစဉ်ကို ချေမှုန်းနိုင်ခဲ့သည်” ဟု ကြေညာခဲ့ပြီးနောက်တွင်ပင် အီရန်သည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်ကြောင်း မိန့်ခွန်းတွင် အခိုင်အမာ ထည့်သွင်းပြောဆိုခဲ့သည်။
“၎င်းတို့၏ လက်နက်အစီအစဉ်တွေ၊ အထူးသဖြင့် နျူကလီးယား လက်နက်တွေကို ပြန်လည်တည်ဆောက်ဖို့ မည်သည့်အခါမျှမကြိုးစားပါနှင့်ဟု ၎င်းတို့ကို သတိပေးထားပြီးသားပါ ၊ သို့သော်လည်း ၎င်းတို့က အစကနေပြန်စပြီး ဆက်လုပ်နေကြပါသည် ၊ ကျွန်တော်တို့ အမြစ်ပြတ်အောင် လုပ်ခဲ့သော်လည်း ၎င်းတို့ကပြန်စချင်နေကြပါသည် ၊ ယခုအချိန်မှာလည်း ၎င်းတို့၏ မကောင်းသည့် ရည်မှန်းချက်တွေကိုဆက်ပြီး အကောင်အထည်ဖော်နေကြတာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: The Boston Globe
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
