အရှေ့အလယ်ပိုင်းအရေး နောက်ဆုံးရသတင်းများ ကောက်နုတ်ချက်

News Image

  • အရှေ့အလယ်ပိုင်းအရေး နောက်ဆုံးရသတင်းများ ကောက်နုတ်ချက်

    အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံတွေမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာဟာ အခုဆိုရင် ဒုတိယမြောက်နေ့ကိုရောက်လာပါပြီ။ ဖေဖော်ဝါရီလ ၂၈ ရက်  နံနက်ပိုင်းမှာ  အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး  အီရန်နိုင်ငံအပေါ်   စတင်တိုက်ခိုက်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်တစ်ကြိမ်  စစ်မီးတောက်လောင်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဒုတိယနေ့ကိုရောက်လာချိန်မှာ အီရန်ဘက်ကရင်ဆိုင်လိုက်ရတဲ့ အကြီးဆုံးသောဆုံးရှုံးမှုတစ်ခုကတော့ အီရန်နိုင်ငံရဲ့ဦးသျှောင် အယာတိုလာအလီခါမေနီတစ်ယောက် တစ်ဖက်ရန်သူရဲ့တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားရခြင်းဖြစ်ပါတယ်။ အမေရိကန်ဘက်က အီရန်ခေါင်းဆောင်ကိုချေမှုန်းလိုက်ရင် ပဋိပက္ခတွေက အလွယ်တကူပြီးဆုံးသွားမယ်လို့ ယူဆထားခဲ့ပေမယ့် လက်တွေ့မှာတော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေက ပိုလို့သာပြင်းထန်လာနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှာ အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီး သတင်းများစွာထွက်ပေါ်လာတာကိုတွေ့ရှိရပါတယ်။ ဒီလိုမျိုးထွက်ပေါ်လာတဲ့သတင်းများစွာထဲကမှ နောက်ဆုံးရရှိထားတဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတချို့ကိုကောက်နုတ်ပြီး ရေးသားတင်ပြလိုက်ရပါတယ်။

 

အီရန်နိုင်ငံရဲ့ ယာယီခေါင်းဆောင်မှုကောင်စီဝင်အဖြစ် အလီရီဇာအာရာဖီကိုခန့်အပ်

အီရန်နိုင်ငံရဲ့ ယာယီခေါင်းဆောင်မှုကောင်စီဝင်အဖြစ် အလီရီဇာ အာရာဖီကို မတ်လ ၁ ရက်မှာ ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ အခုလိုခန့်အပ်တာဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၁ နဲ့အညီဆောင်ရွက်တာဖြစ်ပြီး ဥပဒေပညာရှင်တစ်ဦးအနေနဲ့ ယာယီခေါင်းဆောင်မှုအဖွဲ့မှာ ပါဝင်ရမှာဖြစ်တယ်လို့ အီရန်အစိုးရပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံဦးသျှောင် အလီခါမေနီ သေဆုံးပြီးနောက် နိုင်ငံတော်လုပ်ငန်းစဉ်တွေ မပြတ်တောက်စေဖို့ အဖွဲ့ဝင်သုံးဦးပါ အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းခဲ့တာပါ။

အဲဒီကောင်စီမှာ သမ္မတ မာဆူးပီဇက်ရှကီယန်နဲ့ တရားသူကြီးချုပ် ဂိုလမ်ဟူစိန်မိုဆီနီအီဂျီတို့လည်း ပါဝင်ကြပါတယ်။ ဦးသျှောင်ကဲ့သို့သောအမြဲတမ်းခေါင်းဆောင်အသစ်တစ်ဦးကို အမြန်ဆုံးရွေးချယ်နိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကြီးအကျယ်တိုက်ခိုက်မှုတွေကြောင့် အီရန်တပ်မတော်ကလည်း အရှေ့အလယ်ပိုင်းမှာရှိတဲ့ ပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အခုလို ယာယီခေါင်းဆောင်မှုကောင်စီ ဖွဲ့စည်းလိုက်တာဟာ တိုင်းပြည်ရဲ့ ဦးဆောင်မှုပိုင်းကို အရှိန်အဟုန်မပျက် ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ဖြစ်ပါတယ်။

 

အီရန်မှပစ်လွှတ်သော ဒုံးကျည် ၁၃၇ စင်းနဲ့ ဒရုန်း ၂၀၉ စင်းကို ယူအေအီးကကြားဖြတ်ဟန့်တား

အီရန်နိုင်ငံကနေပစ်လွှတ်လိုက်တဲ့ အမြင့်ပျံဒုံးကျည် ၁၃၇ စင်းနဲ့ ဒရုန်း၂၀၉ စင်းကို ယူအေအီးလေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တို့က မတ်လ ၁ ရက်မှာ အောင်မြင်စွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ဒုံးကျည် ၁၃၂ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ငါးစင်းကတော့ ပင်လယ်ထဲကို ကျရောက်သွားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒရုန်းတွေထဲက ၁၉၅ စင်းကို ဟန့်တားနိုင်ပေမယ့် ၁၄ စင်းကတော့ နိုင်ငံအတွင်းပိုင်းနဲ့  ရေပြင်ထဲကျရောက်သွားတဲ့အတွက် အပျက်အစီးအချို့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဇယစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထားတဲ့ ဒရုန်းတစ်စင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ ထွက်ပေါ်

လာတဲ့အစအနတွေကြောင့် အာရှနိုင်ငံသားတစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်ပြောင်းလဲမှုတွေရှိပြီး ခရီးသည် ၂၀၂၀ဝ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ပေမယ့် အာဏာပိုင်တွေက အရေးပေါ်စီမံချက်တွေနဲ့ လူထုဘေးကင်းရေးကို ဆောင်ရွက်နေပါတယ်။            

 

အီရန်ရဲ့တိုက်ခိုက်မှုများကြောင့် အဘူဒါဘီရှိသံရုံးဝင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်

အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပိုမိုကျယ်ပြန့်လာပြီး မတ်လ၁ ရက်မှာတော့ အဘူဒါဘီမှာရှိတဲ့ အစ္စရေးသံရုံးနဲ့ နိုင်ငံတကာသံရုံးတွေတည်ရှိရာ အီတီဟတ်တာဝါ အဆောက်အအုံဝင်းအတွင်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကြားဖြတ်တိုက်ခိုက်လိုက်ရာကနေထွက်ပေါ်လာတဲ့ ဒရုန်းအစအနတွေကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေအပြီးမှာ အီရန်ဘက်က ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ပင်လယ်ကွေ့မြို့ကြီးတွေမှာရှိတဲ့ အရပ်ဘက်နဲ့ ကုန်သွယ်ရေးနယ်မြေတွေကိုပါ တိုက်ခိုက်လာတာပါ။

အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဒူဘိုင်းနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့တို့မှာလည်း ပေါက်ကွဲသံကြီးတွေကြားခဲ့ရပြီး အိုမန်နိုင်ငံဟာလည်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရပါတယ်။ ဒူဘိုင်းမှာလည်း ဒရုန်းအစအနတွေကြောင့် နေအိမ်အချို့ထိခိုက်ပြီး လူနှစ်ဦးဒဏ်ရာရရှိသလို ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နာမည်ကျော် ဘာ့အယ်အာရပ်ဟိုတယ်တို့မှာလည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

အစ္စရေးက အီရန်စစ်ဦးစီးချုပ်အပါအဝင် တပ်မှူး ၄၀ ခန့်ကို ချေမှုန်းနိုင်ဟုဆို

အီရန်တပ်မတော်စစ်ဦးစီးချုပ် အဗ္ဒူရာဟင်မူဆာဗီအပါအဝင် တပ်မှူး ၄၀ ခန့်ကို လေကြောင်းတိုက်ခိုက်မှုများအတွင်း ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က မတ်လ ၁ ရက်မှာ အတည်ပြုပြောလိုက်ပါတယ်။

မတ်လ ၂၈ ရက်တုန်းက တီဟီရန်ရှိ နေရာအတော်များများမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်လုံခြုံရေးခေါင်းဆောင်ပိုင်း ခုနစ်ဦးအပါအဝင် မူဆာဗီ သေဆုံးသွားတာဖြစ်ပြီး အဲဒီသေဆုံးမှုကို အီရန်အစိုးရပိုင်ရုပ်သံလိုင်းကလည်း အတည်ပြုထားတယ်လို့ အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူရဲ့အဆိုအရသိရပါတယ်။

အစ္စရေးတပ်မတော်ဟာ အီရန်နိုင်ငံအနှံ့ကို အင်အားသုံးတိုက်ခိုက်နေပြီး ဒုံးကျည်ပစ်လွှတ်စင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အတော်များများကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ရှေ့ပိုင်းမှာလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် အီရန်ဦးသျှောင်ဖြစ်တဲ့ အယာတိုလာအလီခါမေနီ သေဆုံးခဲ့ကြောင်း အီရန်ဘက်က အတည်ပြုပြီးဖြစ်ပါတယ်။ အခုအခါ အစ္စရေးဟာ တီဟီရန်ကောင်းကင်ယံမှာ လေကြောင်းအသာစီးရဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

အီရန်က ဆိုက်ပရပ်နိုင်ငံကို ဒုံးကျည်တွေနဲ့ပစ်ခတ်သည် ဟူသောသတင်းကို ဆိုက်ပရပ်အစိုးရငြင်းဆို

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့တိုက်ခိုက်ပြီးနောက်မှာ အီရန်ကဆိုက်ပရပ်နိုင်ငံဆီ ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဆိုက်ပရပ်အစိုးရက မတ်လ ၁ ရက်မှာ အတိအလင်းငြင်းဆိုလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗာဆီလီပါးမားက အီရန်နိုင်ငံဟာ နိုင်ငံတွင်းက ပစ်မှတ်တစ်ခုကိုတိုက်ခိုက်ဖို့ ဒုံးကျည်တွေပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောခဲ့တာပါ။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီးကတော့ ဆိုက်ပရပ်မှာရှိတဲ့ ဗြိတိန်အခြေစိုက်စခန်းတွေဆီကို အီရန်ကဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့ပေမယ့် အစ္စရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်နိုင်တယ်လို့ ပြောဆိုကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုက်ပရပ်အစိုးရပြောရေးဆိုခွင့်ရှိသူကတော့ ၎င်းတို့နိုင်ငံအပေါ် ခြိမ်းခြောက်မှုရှိတဲ့အရိပ်အယောင်လုံးဝမတွေ့ရကြောင်း ရှင်းလင်းထားပါတယ်။ လက်ရှိမှာတော့ ဆိုက်ပရပ်အာဏာပိုင်တွေက ဒေသတွင်းအခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေပါတယ်။      

 

အီရန်ရဲ့လက်တုံ့ပြန်မှုများအတွင်း အမေရိကန်စစ်သည် ၂၀၀ ကျော်ထိခိုက်သေဆုံးဟုဆို

အီရန်နိုင်ငံရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ အတွင်းမှာ အမေရိကန် တပ်မတော်သား ၂၀၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က မတ်လ ၁ ရက်မှာပြောပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နံနက်အစောပိုင်းက အစ္စရေးဟာ အမေရိကန်ရဲ့ ပံ့ပိုးမှုနဲ့အတူ အီရန်နိုင်ငံအတွင်းက စစ်ရေးနဲ့ နျူကလီးယားဆိုင်ရာ ပစ်မှတ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နျူကလီးယားဆိုင်ရာ သံတမန်ရေးရာဆွေးနွေးမှုတွေ ပျက်ပြားသွားတာကြောင့် ဒီတိုက်ခိုက်မှုကို အိမ်ဖြူတော်က ထောက်ခံခဲ့တာဖြစ်ကြောင်း အတည်ပြုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အီရန်က အမေရိကန်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ပြန်လည် ပစ်ခတ်ခဲ့ရာမှာ အမေရိကန်တပ်မတော်သား အနည်းဆုံး ၂၀၀ ခန့် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ Tasnim သတင်းဌာနက ဖော်ပြထားပါတယ်။ IRGC ဗိုလ်ချုပ် အီဘရာဟင်ဂျာဘာရီကတော့ အီရန်မှာ အဆင့်မြင့်စွမ်းဆောင်ရည်တွေရှိနေပြီး ရေရှည်စစ်ပွဲအတွက် အသင့်ရှိနေကြောင်း ထရမ့်ကိုသတိပေးခဲ့သလို  ရှေ့လျှောက်  အင်အားအကောင်းဆုံး  ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကတိပြုပြောထားပါတယ်။       

 

အီရန်ပဋိပက္ခကြောင့် ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့် ရုတ်တရက်ထိုးတက်သွား

အီရန်ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းလောက် ရုတ်တရက်ထိုးတက်သွားပြီး တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀အထိရောက်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မတ်လ ၁ ရက်မှာခန့်မှန်းလိုက်ကြပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်လာပြီးနောက် ဘရန့်ရေနံစိမ်းဈေးဟာ ဒေါ်လာ ၈၀ ဝန်းကျင်အထိ မြင့်တက်လာတာပါ။ ကမ္ဘာ့ရေနံစီးဆင်းမှု ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ဘက်က သတိပေးထားတာကြောင့် ရေနံကုမ္ပဏီကြီးတွေနဲ့ သင်္ဘောပိုင်ရှင်တွေဟာ အဲဒီလမ်းကြောင်းကနေ ကုန်စည်ပို့ဆောင်တာတွေကို ရပ်နားထားကြပါတယ်။ 

အကယ်၍ ဒီရေလက်ကြားပိတ်ဆို့မှုသာ ကြာရှည်သွားမယ်ဆိုရင် ရေနံဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ဖြစ်လာနိုင်တယ်လို့ စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူတွေက  ခန့်မှန်းထားတာဖြစ်ပါတယ်။

ဒါကြောင့် OPEC+ အဖွဲ့ကလည်း လာမယ့်ဧပြီလကစပြီး ရေနံထုတ်လုပ်မှုကို တစ်နေ့ကို စည်ပေါင်း ၂၀၆၀၀၀ တိုးမြှင့်ဖို့ မတ်လ ၁ ရက်မှာ သဘောတူခဲ့ပါတယ်။ အခုဆိုရင်  အာရှနိုင်ငံတွေနဲ့ ရေနံချက်စက်ရုံတွေကလည်း အရန်ရေနံစုဆောင်းမှုနဲ့ တခြားသောသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို အမြန်ဆုံးတွက်ချက်ပြင်ဆင်နေပြီဖြစ်ပါတယ်။

MWD