အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် တောင်အာဖရိက၏ ပို့ကုန်လုပ်ငန်းများအန္တရာယ်ရှိနေဟု EWC သတိပေး

News Image

  • အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် တောင်အာဖရိက၏ ပို့ကုန် လုပ်ငန်းများ အန္တရာယ်ရှိနေဟု EWC သတိပေး

အရှေ့အလယ်ပိုင်းဒေသတွင် တိုးမြင့်လာနေသည့် ပဋိပက္ခများသည် တောင်အာဖရိက၏ ပို့ကုန်လုပ်ငန်းများ၊ အထူးသဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော လတ်ဆတ်သည့် စိုက်ပျိုးရေးထွက်ကုန် (Fresh produce) တင်ပို့မှုကဏ္ဍအပေါ် ကြီးမားသောမရေရာမှုများ ဖန်တီးနေကြောင်း Exporters Western Cape (EWC) က အင်္ဂါနေ့ (မတ် ၃) တွင် သတိပေးလိုက်သည်။ EWC ၏ ဥက္ကဋ္ဌ Terry Gale ၏ အဆိုအရ Hormuz ရေလက်ကြားကဲ့သို့သော အရေးပါသည့်ရေကြောင်း လမ်းကြောင်းများတွင် သင်္ဘောလိုင်းများ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲခြင်းများ ပြုလုပ်လာရသည့်အတွက် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များမှာ ပြင်းထန်စွာထိခိုက်နေကြောင်း သိရှိရသည်။

အဆိုပါအခြေအနေသည် တောင်အာဖရိက ပို့ကုန်လုပ်ငန်းရှင်များအတွက် လောင်စာဆီစရိတ်နှင့် ကုန်စည်ပို့ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်းနှင့်အတူ ချက်ချင်းလက်ငင်း ထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ ပိုမိုစိုးရိမ်စရာကောင်းသည်မှာ ယူအေအီးနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဈေးကွက်သို့ ပို့ဆောင်ရန် ရေပြင်တွင် ရောက်ရှိနေသည့် ကုန်စည်များအတွက် မရေရာမှုများ ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များသည် နိုင်ငံအလိုက် တင်းကျပ်သော အပင်ပိုးမွှားကင်းရှင်းရေးနှင့် သတ်မှတ်ချက်များဖြင့် တင်ပို့ရခြင်းဖြစ်ရာ ရည်ရွယ်ထားသည့် ဈေးကွက်သို့ မရောက်ရှိပါက အခြားဈေးကွက်သို့ လွယ်ကူစွာ ပြောင်းလဲတင်ပို့ရန် မဖြစ်နိုင်ကြောင်း Gale က ရှင်းပြသည်။

ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များသည် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ်ကို တစ်ဦးတည်း ပခုံးပြောင်းတာဝန်ယူနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ယင်းအရေးကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကုန်သွယ်ရေး၊ စက်မှုနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းကာ ထိခိုက်မှုပမာဏကိုအကဲဖြတ်ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုယန္တရားများကို အမြန်ဆုံးရှာဖွေပေးရန် EWC က တောင်းဆို ထားသည်။ အဖွဲ့အစည်းအနေဖြင့်လည်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဆက်လက်စောင့်ကြည့်ပြီး သက်ဆိုင်သူများနှင့်အတူ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂