အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ရုရှားစွမ်းအင်အပေါ် ပိတ်ဆို့ထားမှု ရုပ်သိမ်းရန် ဟန်ဂေရီ တိုက်တွန်း

News Image

  • အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ရုရှားစွမ်းအင်အပေါ် ပိတ်ဆို့ထားမှု ရုပ်သိမ်းရန် ဟန်ဂေရီ တိုက်တွန်း

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများအရှိန်အဟုန် မြင့်တက်လာပြီး အီရန်နိုင်ငံနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း များ အဆမတန် မြင့်တက်လာသည့်အတွက် ဥရောပသမဂ္ဂ (EU) အနေဖြင့် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ချက်ချင်းရုပ်သိမ်းပေးရန် ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတို (Peter Szijjarto) က တိုက်တွန်းလိုက်သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် နောက်ဆုံး ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများသည် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ (၂၀%) ခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် သင်္ဘောများသွားလာမှုကို အန္တရာယ်ကြီးမားစေခဲ့သည်။ ရေနံတင်သင်္ဘောအချို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါရေကြောင်းလမ်းတွင် သင်္ဘောသွားလာမှု (၈၀%) အထိ ကျဆင်းသွားခဲ့ရာ ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ (၁၀၀) ကျော်အထိ မြင့်တက်လာခဲ့ပြီး ဥရောပသမဂ္ဂနှင့် အခြားအဓိက စီးပွားရေးနိုင်ငံများအနေဖြင့် စွမ်းအင်ဆိုင်ရာ အရေးပေါ်အစီအမံများ လုပ်ဆောင်ရန် လိုအပ်လာပြီဟု မျှော်လင့်ထားကြသည်။

ဝန်ကြီး ဆီဂျာတိုက တနင်္လာနေ့ (မတ် ၉) တွင် X လူမှုကွန်ရက်မှတစ်ဆင့် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။ "အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ပြင်းထန်လာပြီး ဟော်မုဇ်ရေလက်ကြားလည်း ပိတ်သွားသည့်အတွက် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုရဲ့ အဓိကအစိတ်အပိုင်းကြီးဟာ အခုဆိုရင် အန္တရာယ်ရှိသည့် အခြေအနေမှာ ရှိနေပါပြီ ၊ ဒါကြောင့် EU အနေနဲ့ ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် ပိတ်ဆို့ထားတာတွေကို ချက်ချင်း ရုပ်သိမ်းသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက "ဘရပ်ဆဲလ်အနေနဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိမယ်ဆိုရင် ဥရောပပြည်သူတွေနဲ့ ဥရောပစီးပွားရေးအတွက် ပြင်းထန်သည့် ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ် ၊ ဒါကြောင့် အခု အချိန်မှာအာရုံစိုက်ရမှာက အတွေးအခေါ်ဝါဒကို ကိုင်စွဲဖို့မဟုတ်ဘဲ ဥရောပသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်" ဟု အလေးပေး ပြောကြားသွားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂