ဂျာမနီစက်မှုကဏ္ဍတွင် ထုတ်လုပ်မှုနှုန်း ဆက်လက်ကျဆင်းနေ၊ ပြန်လည် ဦးမော့လာမည့် အရိပ်အယောင်မတွေ့ရှိရ
ဂျာမနီနိုင်ငံ၏ စက်မှုထုတ်လုပ်မှုကဏ္ဍသည် ၂၀၂၆ ခုနှစ် အစောပိုင်း ကာလအထိ ပြန်လည်ဦးမော့လာမည့် အရိပ်အယောင်များ ပြသခြင်းမရှိ သေးကြောင်း ဖက်ဒရယ်စာရင်းအင်းရုံး (Destatis) ၏ အစီရင်ခံစာအရ သိရှိရသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအား တိုက်ခိုက်မှု များ မပြုလုပ်မီကပင် ဂျာမနီ၏ စက်မှုထုတ်လုပ်မှုနှုန်းမှာ ကျဆင်းနေခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့ (မတ် ၉) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဇန်နဝါရီလအတွင်း ဂျာမနီ၏ စက်မှုထုတ်လုပ်မှုမှာ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ထို့အပြင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၂ ရာခိုင်နှုန်းအထိ ပိုမိုကျဆင်းသွားသည်ကို တွေ့ရှိရသည်။
Destatis ၏ ဖော်ပြချက်အရ အဆိုပါကျဆင်းမှုမှာ စွမ်းအင်သုံးစွဲမှုမြင့်မားသော စက်မှုလုပ်ငန်းကဏ္ဍများတွင် အဓိက သက်ရောက်မှုရှိနေ ကြောင်း သိရှိရသည်။ အထူးသဖြင့် သတ္တုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ရေး၊ ကွန်ပျူတာ၊ အီလက်ထရောနစ်နှင့် အလင်းပြန် ပစ္စည်းများ ထုတ်လုပ်ခြင်းကဏ္ဍများတွင် ထုတ်လုပ်မှုမှာ ၇ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအကြား သိသာစွာကျဆင်းသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စက်မှုထုတ်လုပ်မှု ကျဆင်းမှုစာရင်းဇယားများသည် အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် နောက်ဆုံး တင်းမာမှုများ၏သက်ရောက်မှုကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများနှင့် တီဟီရန်ဘက်မှ လက်တုံ့ပြန်မှုများကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောများအတွက် အန္တရာယ်များ မြင့်တက်လာခဲ့သည်။ အဆိုပါ အခြေအနေ ကြောင့် မတ်လ ၉ ရက်နေ့တွင် ရေနံစိမ်း (Brent) တစ်စည်လျှင် ဒေါ်လာ ၁၂၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဥရောပသမဂ္ဂ (EU) ၏ သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများမှာလည်း တိုက်ခိုက်မှုမဖြစ်ပွားမီကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။ စွမ်းအင်ဈေးနှုန်း မြင့်မားနေခြင်း သည် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏ လွန်ခဲ့သည့် နှစ်များအတွင်း ဖြစ်ပေါ်နေသော စီးပွားရေးနှေးကွေးမှု၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ဂျာမနီမီဒီယာများနှင့် အစိုးရတာဝန်ရှိသူများ က အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့သည်။
ယခင်က ဂျာမနီနိုင်ငံသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်း ကို ရုရှားထံမှ မှီခိုအားထားခဲ့ရသည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခ ပိုမိုပြင်းထန်လာပြီးနောက် ရုရှားအပေါ် အနောက်နိုင်ငံများက ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများတွင် ဂျာမနီက ပူးပေါင်းပါဝင်ခဲ့မှု ကြောင့် ဂျာမနီ၏စွမ်းအင်ကဏ္ဍမှာ ပြင်းထန်သောရိုက်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ Bloomberg ၏ အချက်အလက်များအရ ရုရှားရေနံကုမ္ပဏီကြီး Rosneft ၏ လုပ်ငန်းလည်ပတ်မှုများသည် ဂျာမနီနိုင်ငံ၏ စုစုပေါင်း ရေနံချက်လုပ်နိုင်စွမ်း၏ ၁၂ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကြောင်း သိရှိရသည်။
Bild သတင်းဌာန၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားခသည် ၁၄ ရာခိုင်နှုန်း နှင့် ဂက်စ်ဓာတ်ငွေ့ခမှာ ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ရုရှားနိုင်ငံမှ တင်သွင်းသော စွမ်းအင်ဈေးသက်သာသည့် အရင်းအမြစ် များကိုစွန့်လွှတ်ရန် ဆုံးဖြတ်ချက်သည် ဂျာမနီစီးပွားရေးအတွက် ကြီးမားသောရိုက်ခတ်မှုဖြစ်စေခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ဂျာမနီ စီးပွားရေးသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် နှစ်ဆက်တိုက် ကျဆင်း ခဲ့သည်။
စီးပွားရေးအခြေအနေ ဆိုးရွားလာမှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများလည်း ထိခိုက်လာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ဖက်ဒရယ် အလုပ်အကိုင်ဌာန (Federal Employment Agency) သည် စီးပွားရေးကျဆင်းမှုနှင့်ဆက်စပ်နေသော အလုပ်လက်မဲ့ အကျပ်အတည်းအတွက် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါဌာန၏ အကြီးအကဲဖြစ်သူ Andrea Nahles က အရည်အချင်းပြည့်မီသော လုပ်သားများပင်လျှင် အလုပ်အကိုင်ဆုံးရှုံးနေကြရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ဇန်နဝါရီလတွင် ဂျာမနီကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (German Chamber of Commerce and Industry) ကလည်း ဂျာမနီနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်ဖွယ်ရာ ဒေဝါလီခံရမှုနှုန်း မြင့်တက် လာခြင်းမှာ စွမ်းအင်ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်းများမှာ ထပ်မံမြင့်တက်လာဖွယ်ရှိနေသည့်အတွက် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံအနေဖြင့် လက်ရှိ အကျပ်အတည်းများကို မည်သို့ကျော်လွှားမည်ဆိုသည်မှာ စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
