ရုရှားနိုင်ငံတွင် ဘီလျံနာ သူဌေးသစ်များ ပေါ်ထွက်လာ

News Image

  • ရုရှားနိုင်ငံတွင် ဘီလျံနာ သူဌေးသစ်များ ပေါ်ထွက်လာ

၂၀၂၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်း၏ ကမ္ဘာ့ဘီလျံနာများစာရင်းအရ လွန်ခဲ့သည့်တစ်နှစ်အတွင်း ရုရှားနိုင်ငံ၌ ဘီလျံနာ သူဌေးသစ် ၁၄ ဦး ထပ်မံပေါ်ထွက်လာခဲ့ပြီး ၎င်းတို့အနက် ၇ ဦးမှာ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍမှ ချမ်းသာလာသူများဖြစ်ကြောင်း သိရှိရသည်။

အင်္ဂါနေ့ (မတ် ၁၀) က ထုတ်ပြန်ခဲ့သည့် နှစ်စဉ်အဆင့် သတ်မှတ်ချက်များအရ ၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ ပိုမိုပြင်းထန်လာပြီးနောက် အနောက်နိုင်ငံများ၏ ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားနိုင်ငံသား ၁၅၅ ဦး ဘီလျံနာစာရင်းဝင်ရောက်လာခဲ့ပြီး စံချိန်တင်ခဲ့သည်။ ၎င်းတို့အားလုံး၏ စုစုပေါင်းကြွယ်ဝမှုမှာလည်း ဒေါ်လာ ၆၉၆.၅ ဘီလျံအထိရှိလာကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

သို့သော် ရုရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ဖွဲ့စည်းပုံမှာ ပြောင်းလဲလျက်ရှိသည်။ ရုရှားနိုင်ငံ၏ဘဏ္ဍာတိုက်ကို ကြာရှည်စွာ အဓိက ထောက်ပံ့ပေးခဲ့သည့် စွမ်းအင်နှင့် သတ္တုကဏ္ဍတို့အပြင် ယခုအခါ စိုက်ပျိုးရေးကဏ္ဍမှ သူဌေးသစ်များ (Agro-billionaires) ထွန်းကားလာသည်။ ၎င်းတို့သည် ရုရှားနိုင်ငံ၏ အစားအသောက်ဖူလုံရေး တိုးတက်လာမှုနှင့် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ ပို့ကုန်တိုးမြှင့်နိုင်မှုတို့မှ အကျိုးအမြတ်ရယူထားသူများဖြစ်သည်။

အစားအသောက်လုပ်ငန်းမှ ပေါ်ထွက်လာသည့် သူဌေးသစ်များထဲတွင် ရုရှား၏ အကြီးဆုံး အစားအသောက်နှင့် စိုက်ပျိုးရေးထုတ်လုပ်သူများ ထဲမှ တစ်ခုဖြစ်သည့် Agrocomplex ၏ ပူးတွဲတည်ထောင်သူနှင့် အဓိက ရှယ်ယာရှင် Aleksandr Tkachev (ဒေါ်လာ ၁.၈ ဘီလျံ) ပါဝင်နေသည်။ Tkachev သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရုရှားစိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နောက်ထပ်သူဌေးသစ် တစ်ဦးမှာ ရုရှား၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့သူဖြစ်ပြီး စပါးနှင့် ဟင်းသီးဟင်းရွက်ဆီကဏ္ဍတွင် အဓိကနေရာမှ ပါဝင်သည့် Aston ကုမ္ပဏီကို ထိန်းချုပ်ထားသူ Vadim Vikulov (ဒေါ်လာ ၁.၅ ဘီလျံ) ဖြစ်သည်။

ဒေါ်လာ ၂.၉ ဘီလျံ ပိုင်ဆိုင်သည့် Vadim Moshkovich မှာမူ အဆိုပါ သူဌေးသစ်များထဲတွင် အချမ်းသာဆုံးဖြစ်ပြီး Forbes စာရင်းတွင် ပုံမှန် ပါဝင်နေသူဖြစ်သည်။ ၎င်းသည် ရုရှားနိုင်ငံ၏ အကြီးဆုံး ဝက်သားနှင့် သကြားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Rusagro ကို ထိန်းချုပ် ထားသူဖြစ်သည်။ Moshkovich သည် ဥရောပသမဂ္ဂ (EU) ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွားရေးပိတ်ဆို့မှုများခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ ၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

၂၀၂၆ ခုနှစ် စာရင်းသစ်တွင် ပါဝင်လာသူ အခြားသူများမှာ မြေဩဇာနှင့် ကျောက်မီးသွေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းတို့မှ ဖြစ်ကြသည်။ Forbes စာရင်း၏ ထိပ်တန်းနေရာ များတွင်မူ ရိုးရာစက်မှုလုပ်ငန်းရှင်ကြီးများကသာ ဆက်လက်လွှမ်းမိုး ထားဆဲ ဖြစ်သည်။ သံမဏိနှင့် ရွှေလုပ်ငန်းရှင် Alexey Mordashov မှာ ဒေါ်လာ ၃၇ ဘီလျံဖြင့် ရုရှားဘီလျံနာများစာရင်းတွင် ပထမဆုံးအကြိမ် အဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ၎င်းနောက်တွင် Norilsk Nickel ကုမ္ပဏီမှ Vladimir Potanin (ဒေါ်လာ ၂၉.၇ ဘီလျံ) နှင့် Lukoil ကုမ္ပဏီ ၏ အကြီးအကဲဟောင်း Vagit Alekperov (ဒေါ်လာ ၂၉.၅ ဘီလျံ) တို့က အသီးသီး ရပ်တည်နေကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂