အမေရိကန်က ရုရှားရေနံများအပေါ် ပိတ်ဆို့ထားမှုကို ပြန်လည်ဖြေလျှော့ပေး
အမေရိကန်က ရုရှားနိုင်ငံထွက်ရေနံများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုပြန်လည်ဖြေလျှော့ပေးလိုက်ကြောင်းသိရသည်။ ထိုသို့ဖြေလျှော့ပေးမှုကြောင့် ပင်လယ်ပြင်ရှိ ရေယာဉ်များပေါ်တွင်တင်ဆောင်ထားသော ရုရှား၏ရေနံနှင့်ရေနံထွက်ပစ္စည်းများကို အခြားနိုင်ငံများက ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ပြောသည်။
အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာကာ ကမ္ဘာ့ရေနံဈေးသည်လည်း လိုက်ပါမြင့်တက်လာနေစဉ် အမေရိကန်က ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းပဋိပက္ခကြောင့် ရေနံဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။
“လက်ရှိကမ္ဘာတစ်ဝန်းကို ရေနံနဲ့ရေနံထွက်ပစ္စည်းရောက်ရှိမှု ပိုမိုဖြန့်ကြက်တဲ့အနေနဲ့ ပင်လယ်ပြင်မှာရောက်ရှိနေတဲ့ ရေယာဉ်တွေပေါ်ရှိ ရုရှားရေနံကို တခြားနိုင်ငံတွေအနေနဲ့ ဝယ်ယူနိုင်တယ်ဆိုပြီး အမေရိကန်နိုင်ငံက ယာယီခွင့်ပြုပေးတာဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက လူမှုကွန်ရက်၌ ရေးထားသည်။
အမေရိကန်အစိုးရ၏ ယခုဖြေလျှော့မှုအရ မတ်လ ၁၂ ရက်မတိုင်မီ ရေယာဉ်များပေါ်တင်ထားသော ရုရှားရေနံများကိုနိုင်ငံများက ဝယ်ယူနိုင်မည်ဖြစ်ပြီး ထိုဖြေလျှော့မှုမှာ ရက်ပေါင်း ၃၀ သက်တမ်းရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: RT
MWD
