ကျူးဘားတွင် စွမ်းအင်အကျပ်အတည်းဆိုးရွားနေစဉ် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သမ္မတ အတည်ပြု

News Image

  • ကျူးဘားတွင် စွမ်းအင်အကျပ်အတည်းဆိုးရွားနေစဉ် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သမ္မတ အတည်ပြု

ကျူးဘားနိုင်ငံအတွင်း စွမ်းအင်အကျပ်အတည်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုးရွားစွာကြုံတွေ့နေရစဉ် ဟာဗားနားအစိုးရ တာဝန်ရှိသူများသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း ကျူးဘားသမ္မတ မီဂွယ် ဒိုင်ယာဇ်-ကန်နယ် (Miguel Diaz-Canel) က အတည်ပြုပြောကြားခဲ့သည်။

ကာရေဘီယံနိုင်ငံဖြစ်သော ကျူးဘားအပေါ် စီးပွားရေးအရ ဖိအားပေးမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ဆက်သွယ်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျူးဘားအာဏာပိုင်များက နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍ အကြပ်ရိုက်နေရခြင်းမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် လောင်စာဆီတင်သွင်းမှုအပေါ် ကန့်သတ်ချက်များကြောင့်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ထားသည်။ ထို့အပြင် အီရန်ပဋိပက္ခနှင့် ကမ္ဘာ့ရေနံစျေးနှုန်းမြင့်တက်လာမှုတို့က အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး ယခုလအတွင်း ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ အထိ ရောက်ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းဖြစ်သည်။

သောကြာနေ့ (မတ် ၁၃) က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ဒိုင်ယာဇ်-ကန်နယ်က အဆိုပါ ဆက်သွယ်မှုများသည် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အဖြေရှာရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ပြုလုပ်သည် သို့မဟုတ် မည်သည့်အရာရှိများ ပါဝင်သည်ဆိုခြင်းကိုမူ အသေးစိတ်ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

ယခုကဲ့သို့ ဝါရှင်တန်နှင့် တရားဝင်ဆွေးနွေးမှုများရှိနေကြောင်း ဟာဗားနား အစိုးရက လူသိရှင်ကြားဝန်ခံလိုက်ခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော် အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား အမေရိကန်ကဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားမှ ရေနံတင်ပို့မှုများရပ်ဆိုင်းသွားခြင်းနှင့် အခြားရေနံတင်သွင်းရာလမ်းကြောင်းများကို ဝါရှင်တန်က ပိတ်ဆို့ရန် ကြိုးပမ်းလာခြင်းတို့ကြောင့် ကျူးဘားတွင် ရက်သတ္တပတ်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လောင်စာဆီပြတ်လပ်ခြင်းနှင့် လူထု၏ မကျေနပ်မှုများ မြင့်တက်လာပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ထရမ့်က ကျူးဘားအပေါ် လုံးဝဥဿုံ ရေနံပိတ်ဆို့မှု (Total oil blockade) ပြုလုပ်မည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ထားပြီး ကျူးဘားသို့ ရေနံစိမ်းရောင်းချသည့် နိုင်ငံများကိုလည်း အခွန်တိုးမြှင့်ကောက်ခံမည်ဟု သတိပေးထားသည်။

လွန်ခဲ့သည့် သုံးလအတွင်း နိုင်ငံအတွင်းသို့ မည်သည့်ရေနံတင်သွင်းမှုမျှ မရောက်ရှိခဲ့ကြောင်းနှင့် ထိုသို့ပိတ်ဆို့ထားမှုများကြောင့် ကလေးငယ် များအပါအဝင် လူပေါင်းသောင်းနှင့်ချီ၍ ခွဲစိတ်ကုသမှုများ မခံယူနိုင်ဘဲဖြစ်နေရကြောင်း ဒိုင်ယာဇ်-ကန်နယ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း သမ္မတ ထရမ့်က ကျူးဘား နိုင်ငံသည် မကြာမီ ပြိုလဲတော့မည်ဟု ပြောကြားခဲ့သည်။ ၎င်းက အမေရိကန် အနေဖြင့် ကျူးဘားကို "မိတ်ဆွေအဖြစ် သိမ်းပိုက်ခြင်း" (Friendly takeover) မျိုး ပြုလုပ်နိုင်သည်ဟု အစောပိုင်းတွင် အရိပ်အမြွက် ပြောဆိုခဲ့သော်လည်း တစ်ဆက်တည်းမှာပင် အခြားနည်းလမ်းဖြင့်သိမ်းပိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

သမ္မတ ဒိုင်ယာဇ်-ကန်နယ်ကမူ ဟာဗားနားအစိုးရအနေဖြင့် မိမိတို့၏ မူဝါဒများနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ်မည်မဟုတ်ဘဲ ဆွေးနွေးမှုများကို စတင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အစိုးရအဖွဲ့သည် ပြိုလဲလုနီးပါးဖြစ်နေသည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆိုခဲ့ သော်လည်း ကျူးဘားနိုင်ငံသည် သမိုင်းတစ်လျှောက်အဆိုးရွားဆုံးသော စီးပွားရေးနှင့် စွမ်းအင်အကျပ်အတည်းများထဲမှတစ်ခုကို ရင်ဆိုင်နေရကြောင်းကိုမူ မကြာသေးမီက ဝန်ခံခဲ့သည်။

ကျူးဘား အစိုးရသည် ၎င်းတို့၏ စီးပွားရေးအခက်အခဲများမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့်ဖြစ်ကြောင်း၊ ယင်းပိတ်ဆို့မှုများက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး ကမ္ဘာ့စျေးကွက်သို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားကြောင်း ကာလရှည်ကြာစွာ ပြစ်တင်ပြောဆိုခဲ့သည်။ ကျူးဘား နိုင်ငံသည် ၎င်း၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မက္ကဆီကို၊ ရုရှားနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ရေနံတင်သွင်းမှုအပေါ် ပိုမိုမှီခိုလာခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး -၂