လက်တင်အမေရိကတွင် အင်ပါယာတစ်ခုတည်ဆောက်နိုင်ရေး ကြိုးပမ်းခြင်းမပြုရန် အမေရိကန် အစိုးရအား ကိုလံဘီယာသမ္မတ သတိပေး

News Image

  • လက်တင်အမေရိကတွင် အင်ပါယာတစ်ခုတည်ဆောက်နိုင်ရေး ကြိုးပမ်းခြင်းမပြုရန် အမေရိကန် အစိုးရအား ကိုလံဘီယာသမ္မတ သတိပေး

ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုက အမေရိကန်အစိုးရအနေဖြင့် လက်တင်အမေရိကဒေသတွင် အင်ပါယာတည်ဆောက်ရန်ကြိုးပမ်းခြင်းကို ရပ်တန့်ပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့်အစား ဆွေးနွေးညှိနှိုင်းမှုလမ်းစဉ်ကို ရွေးချယ်ရန် တိုက်တွန်းသတိပေးလိုက်သည်။ အဆိုပါပြောဆိုချက်သည် ဇန်နဝါရီလ အတွင်းက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား အမေရိကန် တပ်ဖွဲ့များက ကရာကတ်စ်မြို့၌ ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့် ကျူးဘား နိုင်ငံအပေါ် အမေရိကန်၏ ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

သမ္မတပက်ထရိုက လက်တင်အမေရိကသည် သိမ်းပိုက်ရမည့် နယ်မြေမဟုတ်ကြောင်းနှင့် ကျူးဘားအပါအဝင် ဒေသတွင်းနိုင်ငံများကို အင်ပါယာ ဆန်သောဖိနှိပ်မှုများထက် နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အီလွန်မက်တို့၏ အယူအဆများသည် လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုများကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ဝေဖန်ခဲ့သည်။

အမေရိကန်သည် ဗင်နီဇွဲလားအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်အောက်၌ အီကွေဒေါတွင် စစ်ဆင်ရေးများလုပ်ဆောင်ခြင်း၊ မက္ကဆီကိုကို ခြိမ်းခြောက်ခြင်းနှင့် ကာရေဘီယံပင်လယ်ပြင်တွင် သင်္ဘောများကိုတိုက်ခိုက်ခြင်းစသည့် စစ်ရေးလှုပ်ရှားမှုများကို ချဲ့ထွင်လျက်ရှိသည်။ တင်းမာမှုများရှိသော်လည်း ကိုလံဘီယာသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အမေရိကန်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင် အဖွဲ့များအား ပူးတွဲစစ်ဆင်ရန် သဘောတူထားသည်။ 

တစ်ဖက်တွင်မူ ရုရှား နိုင်ငံက အမေရိကန်၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သမ္မတမာဒူရိုအား ချက်ချင်းလွှတ်ပေးရန် ထပ်လောင်းတောင်းဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး -၂