အီရန်နှင့် လက်ဘနွန်မှ စစ်ဘေးရှောင်များအတွက် ဂျာမနီနိုင်ငံသည် အဓိကဦးတည်ရာဖြစ်လာနိုင်ဟု အစီရင်ခံစာခန့်မှန်း
အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ရန်လိုမှုများ ဆက်လက် ဖြစ်ပေါ်နေပါက စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် အီရန်နိုင်ငံသား အများစုသည် ဂျာမနီနိုင်ငံသို့ ဦးတည်လာဖွယ်ရှိကြောင်း ဘာလင်အခြေစိုက်သုတေသနအဖွဲ့တစ်ခုက ခန့်မှန်းထုတ်ပြန်လိုက်သည်။ လူဦးရေ သန်း ၉၀ ကျော်ရှိသည့် အီရန်နိုင်ငံ၌ ဖြစ်ပွားနေသော မငြိမ်သက်မှုများသည် ဥရောပသမဂ္ဂ (EU) အတွင်းသို့ ဒုက္ခသည်များအလုံးအရင်းဖြင့် ရောက်ရှိလာမည်ကို စိုးရိမ်မှုများ မြင့်တက်စေလျက်ရှိသည်။
သောကြာနေ့ (မတ် ၁၃) က ထုတ်ဝေသည့် Munchner Merkur သတင်းစာ၏ ဖော်ပြချက်အရ Rockwool Foundation Berlin (RF) ၏ လေ့လာမှုတွင် အီရန်စစ်ဘေးရှောင်များ၏ ၂၈ ရာခိုင်နှုန်းက ဂျာမနီကို အကောင်းဆုံးဦးတည်ရာအဖြစ် ရွေးချယ်ထားကြောင်း ဖော်ပြပါရှိသည်။ ထို့အပြင် လက်ဘနွန်နိုင်ငံမှ ရွှေ့ပြောင်းလာသူများ၏ ၁၄ ရာခိုင်နှုန်းခန့်ကလည်း ဂျာမနီကိုပင် ခိုလှုံရာအဖြစ်ရွေးချယ်ကြလိမ့်မည်ဟု ၂၀၂၄ ခုနှစ် Gallup စစ်တမ်း၏ တွေ့ရှိချက်များအရ သိရှိရသည်။
RF Berlin ၏ ဒါရိုက်တာနှင့် အစီရင်ခံစာတွဲဖက်ရေးသားသူ Christian Dustmann က ဂျာမနီနိုင်ငံတွင် အီရန်နှင့်လက်ဘနွန်နွယ်ဖွား လူမှု အသိုင်းအဝိုင်းများ ကြိုတင်အခြေချနေထိုင်ပြီးဖြစ်နေခြင်းက လာရောက်မည့်သူများအတွက် ပိုမိုဆွဲဆောင်မှုရှိစေကြောင်း ထောက်ပြပြောဆို သည်။ ထို့အပြင် ကနေဒါနှင့် အမေရိကန်နိုင်ငံများကဲ့သို့သော နေရာများသို့ ပထဝီဝင်အနေအထားအရ သွားရောက်ရန်ခက်ခဲခြင်းကြောင့် “ဥရောပ၊ အထူးသဖြင့် ဂျာမနီနိုင်ငံသည် ဒုက္ခသည်များ၏ အဓိက ဦးတည်ရာ ဖြစ်လာလိမ့်မည်” ဟု အဆိုပါသုတေသီက Merkur သတင်းစာသို့ ပြောကြားထားသည်။
သောကြာနေ့ (မတ် ၁၃) ကပင် Politico သတင်းဌာန၏ ဖော်ပြချက်အရ အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသောစစ်ပွဲကြောင့် ထွက်ပြေးလာမည့် ဒုက္ခသည်များအတွက် ဥရောပသမဂ္ဂ (EU) က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ဆိုက်ပရပ်စ်နိုင်ငံ၏ ရွှေ့ပြောင်း သွားလာရေးဆိုင်ရာ ဒုတိယဝန်ကြီး Nicholas Ioannides က “ဒုက္ခသည် အရေးအခင်းအသစ်တစ်ခု ဖြစ်ပေါ်လာနိုင်ခြေကို လျစ်လျူရှုထား၍ မရပါ” ဟု အဆိုပါသတင်းဌာနသို့ ပြောကြားခဲ့သည်။
Politico ၏ အဆိုအရ စစ်ပွဲမစတင်မီကတည်းက EU ၏ ခိုလှုံခွင့်ဆိုင်ရာ အေဂျင်စီတစ်ခုက “အီရန်နိုင်ငံ၏ မတည်မငြိမ်ဖြစ်မှု အနည်းငယ်မျှပင် လျှင် မကြုံစဖူးသောဒုက္ခသည်များ ရွေ့လျားမှုကို ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးချက်ထုတ်ပြန်ခဲ့ဖူးကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် အမြင့်ဆုံးကာလတွင် EU သည် ဒုက္ခသည်တစ်သန်းကျော်ကို လက်ခံခဲ့ရသည်။ ထိုသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့်ဝင်ရောက်လာခြင်းသည် ဂျာမနီအပါအဝင် အဖွဲ့ဝင် နိုင်ငံများစွာ၌ ပြည်တွင်းရေးပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့သည်။ တံခါးဖွင့်မူဝါဒကို ဝေဖန်သူများကမူ ပြစ်မှုကျူးလွန်မှုများ မြင့်တက်လာခြင်း၊ အကြမ်းဖက်မှုခြိမ်းခြောက်ခံရခြင်းနှင့် ဒုက္ခသည်များ လူ့အဖွဲ့အစည်း အတွင်းပေါင်းစည်းရန် ပျက်ကွက်ခြင်းတို့ကို ထောက်ပြဝေဖန်လေ့ ရှိကြသည်။
ဆွီဒင်နိုင်ငံ၏ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ ဝန်ကြီး Johan Forssell ၏ ပြောကြားချက်ကို ကိုးကား၍ Politico က ဖော်ပြရာတွင် “မိမိတို့ အနေဖြင့် လွန်ခဲ့သော ၁၀ နှစ်က ဖြစ်ပျက်ခဲ့သည့် အကျိုးဆက်များကို ယနေ့တိုင်ခံစားနေရဆဲ ဖြစ်ပါတယ်၊ ထိုအခြေအနေမျိုး ထပ်မံဖြစ်ပွား ခြင်းမှာ EU အတွက် ရွေးချယ်စရာတစ်ခုမဟုတ်တော့ပါ” ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး -၂
