အမေရိကန်-အစ္စရေး၏ အီရန်စစ်ပွဲအပေါ် အီးယူ၏ ‘ကျွန်ခံသော သဘောထား’ ကို စပိန်ဒုတိယဝန်ကြီးချုပ် ပြင်းထန်စွာ ဝေဖန်
စပိန်ဒုတိယဝန်ကြီးချုပ် ယိုလန်ဒါ ဒီယာ့ဇ် (Yolanda Diaz) သည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ၏ အားနည်းချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ အီးယူအနေဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အပေါ် "ကျွန်ခံသည့်သဘော (Servile)" ဆက်ဆံနေခြင်းသည် ဥရောပသမဂ္ဂအတွင်း အီးယူဆန့်ကျင်ရေး (Euroskeptic) စိတ်ဓာတ်များကို ပိုမိုအားပေးရာရောက်စေမည်ဟု သူမက သတိပေးခဲ့သည်။
ကြာသပတေးနေ့ (မတ် ၁၂) က Politico သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဒီယာ့ဇ်က လက်ရှိ ဥရောပသမဂ္ဂ၏ အခြေအနေကို ‘သမိုင်းဝင် အရေးပါသောကာလတွင် အဖော်မဲ့ဖြစ်နေသည့် အသင်းအဖွဲ့တစ်ခု’ ဟု ခိုင်းနှိုင်းပြောကြားခဲ့သည်။ ထို့အပြင် အီးယူအနေဖြင့် အမေရိကန်သမ္မတ ထရမ့်၏ ‘ဓားစာခံ’ ဖြစ်နေမည့်အစား ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒအတွက် ရပ်တည်တိုက်ပွဲဝင်သင့်ကြောင်း သူမက အလေးအနက် တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သည့် စစ်ပွဲသည် ‘လုံးဝ တရားမဝင်သော စစ်ပွဲ’ ဖြစ်ကြောင်း ဒီယာဇ်က ဆိုသည်။ ထို့အပြင် အဆိုပါ တိုက်ခိုက်မှုများကို ချက်ချင်းရှုတ်ချရန် ပျက်ကွက်ခဲ့သည့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန်၏ လုပ်ရပ်ကိုလည်း သူမက ပြစ်တင်ဝေဖန်ခဲ့သည်။
အီးယူခေါင်းဆောင်များ၏ ထရမ့်အပေါ် ကျိုးနွံလွန်းနေသည့် သဘောထားနှင့်ပတ်သက်၍ ဒီယာ့ဇ်က "ဒေါ်နယ်ထရမ့်ဆိုတာ သူ့ကိုကျွန်ခံသူတွေကို လေးစားမယ့်သူမဟုတ်မှန်း သိလျက်နှင့် အီးယူခေါင်းဆောင်တွေ ယခုလို ပြုမူနေတာဟာ ရူးသွပ်သည့်လုပ်ရပ်သာ ဖြစ်ပါတယ်" ဟု မှတ်ချက်ပြု ခဲ့သည်။
ယခုကဲ့သို့ ဒီယာဇ်၏ ဝေဖန်မှုများသည် စပိန်နှင့်အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီရန်ကိုတိုက်ခိုက်ရန်အတွက် စပိန်ရှိ ပူးတွဲစစ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်၏ တောင်းဆိုမှုကို စပိန်က ငြင်းပယ်ခဲ့သကဲ့သို့ NATO ၏ ကာကွယ်ရေးအသုံးစရိတ် GDP 5% ထိ တိုးမြှင့်ရမည်ဆိုသည့် သတ်မှတ်ချက်ကိုလည်း မဖြစ်နိုင်သောတောင်းဆိုမှုဟု ပယ်ချခဲ့သည်။ ယင်းလုပ်ရပ်များကြောင့် သမ္မတထရမ့်က စပိန်နှင့် ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
