အမေရိကန်နှင့် အစ္စရေး၏ အီရန်စစ်ပွဲမှာ နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေဟု အီတလီဝန်ကြီးချုပ် မယ်လိုနီ ဝေဖန်

News Image

  • အမေရိကန်နှင့် အစ္စရေး၏ အီရန်စစ်ပွဲမှာ နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင် နေဟု အီတလီဝန်ကြီးချုပ် မယ်လိုနီ ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရင်းနှီးသောမဟာမိတ်ဖြစ်သူ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီသည် အမေရိကန်နှင့် အစ္စရေး တို့၏ အီရန်နိုင်ငံအပေါ်ဆင်နွှဲနေသော စစ်ပွဲအား ပြင်းထန်စွာ ဝေဖန်လိုက်သည်။ ဗုဒ္ဓဟူးနေ့ (မတ် ၁၁) က ကျင်းပခဲ့သည့် အီတလီ အထက် လွှတ်တော်မိန့်ခွန်းတွင် မယ်လိုနီက အဆိုပါစစ်ရေးလှုပ်ရှားမှုများသည် နိုင်ငံတကာဥပဒေဘောင်ပြင်ပတွင်ရှိနေပြီး ကမ္ဘာ့အစီအစဉ်များ ပျက်ပြား နေသည့် လက္ခဏာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ 

အထူးသဖြင့် အီရန်တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို "မိန်းကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု" ဟု ခေါ်ဆိုကာ အသေးစိတ် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်မီဒီယာများက အဆိုပါကျောင်းသည် အမေရိကန်၏ တိုမားဟော့ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြနေ သော်လည်း သမ္မတ ထရမ့်ကမူ အဆိုပါစွပ်စွဲချက်များကိုပယ်ချခဲ့ပြီး အီရန်၏ လက်ချက်သာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

အဆိုပါအခြေအနေသည် အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား သံတမန်ရေးရာ အက်ကွဲကြောင်းကို ပိုမိုကြီးထွားစေခဲ့သည်။ အထူးသဖြင့် စပိန် ဝန်ကြီးချုပ်က တိုက်ခိုက်မှုများကို တရားမဝင်ဟု ဝေဖန်ခဲ့ခြင်းကြောင့် ထရမ့်က စပိန်နှင့် ကုန်သွယ်မှုများရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း အဆိုပါတိုက်ခိုက်မှုများသည် နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတွင်း ၌လည်း မယ်လိုနီအနေဖြင့် စစ်ပွဲအတွင်း ပါဝင်မိမည်ကို စိုးရိမ်နေသည့် ပြည်သူများ၏ ဖိအားနှင့် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ လူထု ဆန္ဒခံယူပွဲကို ရင်ဆိုင်နေရသည်။ 

ထို့အပြင် အီတလီသည် စစ်ရေးလှုပ်ရှားမှုမတိုင်မီ ကြိုတင် အကြောင်းကြားခြင်း မခံခဲ့ရသဖြင့် အတိုက်အခံများက မယ်လိုနီကို "ထရမ့်နှင့် ဥရောပအကြား ပေါင်းကူးတံတား" ဟူသော ဂုဏ်ပုဒ်မှာ သတင်းမှားသာဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်လာကြသည်။ ယခင်က ထရမ့်၏ "အံ့မခန်း ခေါင်းဆောင်" ဟု ချီးကျူးခံခဲ့ရသည့် မယ်လိုနီအတွက် ယခုဖြစ်စဉ်သည် သူမ၏ နိုင်ငံရေးရပ်တည်ချက်ကို စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂