အာရှ နိုင်ငံအချို့က အရန်ရေနံသိုလှောင်မှုများကို စတင်ထုတ်သုံးတော့မည်
အီရန်နိုင်ငံတွင် စစ်ပွဲများ ပိုမိုကျယ်ပြန့်လာမှုကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကွင်းဆက် ထိခိုက်မှုများဖြစ်ပေါ်လာခဲ့ရာ အာရှစီးပွားရေးနိုင်ငံ များသည် ၎င်းတို့၏မဟာဗျူဟာမြောက် အရန်ရေနံသိုလှောင်မှုများကို စတင်ထုတ်သုံးရန် ဦးဆောင်လှုပ်ရှားလာကြသည်။ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကမ္ဘာ့ဒေသအသီးသီးသို့ စီးဆင်းမှုမှာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရခြင်းကြောင့် အဓိကလမ်းကြောင်း ပြတ်တောက်လျက်ရှိသည်။
အာရှနိုင်ငံများသည် ၎င်းတို့၏ ရေနံစိမ်းလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပင်လယ်ကွေ့နိုင်ငံများအပေါ် မှီခိုနေရပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်တင်ပို့မှုများ ရပ်တန့်သွားခြင်းကြောင့် စွမ်းအင်ပြတ်လပ်မှု အန္တရာယ်နှင့် အထူးသဖြင့် ရင်ဆိုင်နေရသည်။
အဓိက အာရှ စီးပွားရေးနိုင်ငံများ၏ လက်ရှိရေနံအရန်သိုလှောင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည် -
ဂျပန်နိုင်ငံ - ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချိ၏ ပြောကြားချက်အရ ဂျပန်နိုင်ငံသည် ၎င်းတို့၏ အရန်ရေနံသိုလှောင်မှု ၂၅၄ ရက်စာအနက် ၄၅ ရက်စာနှင့်ညီမျှသော ရေနံစည် သန်း ၈၀ ကို တနင်္လာနေ့ (မတ် ၁၆) တွင် စတင်ထုတ်သုံးသွားမည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံ ပါဝင်သည့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က သမိုင်းဝင်စံချိန်တင် ရေနံစည် သန်း ၄၀၀ ထုတ်သုံးရန် သဘောတူညီချက်မရမီကပင် ချမှတ် ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ - တောင်ကိုရီးယားသည် အရန်ရေနံသိုလှောင်မှု ၂၀၈ ရက်စာ ပိုင်ဆိုင်ထားပြီး အပိုဆောင်း ရေနံစိမ်း ၆ သန်းကိုလည်း ထပ်မံ ရယူထားပြီးဖြစ်သည်။ ၎င်း၏ စက်မှုဝန်ကြီးဌာနသည် IEA ၏ ဆုံးဖြတ်ချက်နှင့်အညီ ရေနံစည် ၂၂ ဒသမ ၄၆ သန်းကို ထုတ်သုံးမည်ဟု ဗုဒ္ဓဟူးနေ့ (မတ် ၁၁) တွင် ကြေညာခဲ့သော်လည်း အချိန်ဇယားကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
တရုတ်နိုင်ငံ - ကမ္ဘာ့ကုန်သွယ်မှု ခွဲခြမ်းစိတ်ဖြာရေးလုပ်ငန်းတစ်ခုဖြစ်သည့် Kpler ၏ အချက်အလက်များအရ တရုတ်နိုင်ငံတွင် ရေနံစည် ၁ ဒသမ ၂ ဘီလီယံခန့် အရန်ရှိနေပြီး ၎င်းသည် အရှေ့အလယ်ပိုင်းမှ တင်သွင်းမှု၏ ၂၀၃ ရက်စာနှင့် ညီမျှသည်။
ထိုင်ဝမ်နိုင်ငံ - ထိုင်ဝမ်သည် ရေနံစိမ်းကို အနည်းဆုံး ရက် ၉၀ စာ အတွက် ဥပဒေအရ အရန်ထားရှိသော်လည်း သဘာဝဓာတ်ငွေ့ရည် (LNG) မှာမူ ၁၁ ရက်စာသာ ရှိသည်။ အစိုးရအနေဖြင့် မတ်လနှင့် ဧပြီလအတွက် လုံလောက်သော LNG ထောက်ပံ့မှုကို ရရှိထားပြီး မေလအတွက် ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အိန္ဒိယနိုင်ငံ - ပြင်သစ်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း Nataxis မှ အာရှ-ပစိဖိတ်ဆိုင်ရာ အဓိက စီးပွားရေးပညာရှင် Alicia Garcia-Herrero ၏ ခန့်မှန်းချက်အရ အိန္ဒိယတွင် အရန်ရေနံသိုလှောင်မှု ရက်ပေါင်း ၂၅ ရက် ခန့်သာ ရှိသည်ဟု သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံ - အစိုးရ၏ ထုတ်ပြန်ချက်အရ ရေနံအရန်သိုလှောင်မှု ရက်ပေါင်း ၂၁ ရက်စာခန့် ရှိသည်။
ထိုင်းနိုင်ငံ - စွမ်းအင်ဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ (မတ် ၁၁) ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ရေနံအရန်သိုလှောင်မှု ရက်ပေါင်း ၉၆ ရက်စာ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။
ကိုးကား- CNN
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
