မန်ယူအသင်းသမိုင်း တစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ် အိမ်ကွင်းခြောက်ပွဲဆက် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် ကာရစ်မှတ်တမ်းဝင်
မန်ချက်စတာ မတ် ၁၆
မန်ယူအသင်းယာယီနည်းပြကာရစ်သည် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ် အိမ်ကွင်းခြောက်ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင် နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များ မတည်မငြိမ်ဖြစ်နေသည့်အတွက် ယခုနှစ် ဇန်နဝါရီလ ၄ ရက်က ကစားခဲ့သည့် လိဒ်အသင်းနှင့် ပွဲစဉ်အပြီးတွင် နည်းပြအမိုရင်ကို ထုတ်ပယ်ပြီး နောက် ယခုဘောလုံးရာသီကုန်အထိ ယာယီနည်းပြ အဖြစ် ကစားသမားဟောင်း ကာရစ်ကိုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကာရစ်သည် မန်ယူအသင်းကို တာဝန်ယူကိုင် တွယ်ပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်က မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားသည့်ပွဲစဉ်ကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပထမဆုံးတာဝန်ယူ ကိုင်တွယ်သည့်ပွဲစဉ်တွင် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။
နည်းပြကာရစ်သည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ က ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ရာတွင် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ရာ တွင် အိမ်ကွင်းပွဲစဉ်များအဖြစ် မန်စီးတီးအသင်းကို ၂ ဂိုး- ဂိုးမရှိ၊ ဖူလ်ဟမ်အသင်းကို ၃ ဂိုး-၂ ဂိုး၊ စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိ၊ ခရစ္စတယ်ပဲလေ့စ်အသင်း ကို ၂ ဂိုး-၁ ဂိုးနှင့်အက်စ်တွန်ဗီလာအသင်းကို၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အိမ်ကွင်း ခြောက်ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်သည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် နည်းပြအမိုရင် တာဝန်ယူ ကိုင်တွယ်စဉ်က ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် ရုန်းကန်ခဲ့ရသော်လည်း ကာရစ်လက်အောက်တွင် ရလဒ်များ ဆက်တိုက်ကောင်းမွန်နေပြီး နောက်ဆုံး ကစားသည့်ကိုးပွဲတွင် နယူးကာဆယ်အသင်းကိုသာ ရှုံးနိမ့်ကာ ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် သရေ ရလဒ်ထွက်ပေါ်ခဲ့၍ ကျန်ပွဲစဉ်များတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။
MWD
