စစ်ပွဲကြောင့် မြင့်တက်လာမည့် ကုန်ဈေးနှုန်းများနှင့် စီးပွားရေးအကျပ်အတည်းများ
AAA (American Automobile Association) ၏ အချက်အလက်များအရ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၌ စက်သုံးဆီ (ဓာတ်ဆီ) တစ်ဂါလန်လျှင် ပျမ်းမျှ ၃.၇၀ ဒေါ်လာ အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်နိုင်ငံနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ၂၄% အထိ မြင့်တက်လာခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီး Chris Wright က ယခုပဋိပက္ခကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများရှိနေသည်ကို အသိအမှတ်ပြုပြောကြားခဲ့သော်လည်း “အီရန်နိုင်ငံ အဏုမြူလက်နက် ပိုင်ဆိုင်သွားမည့်အရေးထက်” ယခုကဲ့သို့ “ရေတိုကာလအတွင်း ခက်ခဲမှုများကို ကျော်ဖြတ်ခြင်း” က ပို၍ ကောင်းမွန်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် စစ်ပွဲချက်ချင်းရပ်တန့်သွားခဲ့လျှင်ပင် ကမ္ဘာ့ရေနံ၏ ၂၀% ဖြတ်သန်းသွားလာရာ ဟော်မုဇ် ရေလက်ကြား ပုံမှန်အတိုင်း ပြန်လည်လည်ပတ် နိုင်ရန်အတွက် ၁ လမှ ၃ လအထိ အချိန်ယူရဖွယ်ရှိကြောင်း Kpler မှ ရေနံသုတေသန ဦးဆောင်လေ့လာဆန်းစစ်သူ Homayoun Falakshahi က ဆိုသည်။ လုံခြုံစွာဖြတ်သန်းခွင့်ရရန် စောင့်ဆိုင်းနေသော သင်္ဘောရာပေါင်းများစွာကို ရှင်းလင်းပေးရန်နှင့် အဓိကရေနံထုတ်လုပ်သူများအနေဖြင့် ပျက်စီးသွားသော စက်ရုံများကို ပြုပြင်ခြင်း၊ ထုတ်လုပ်မှု ပြန်လည်မြှင့်တင်ခြင်းနှင့် ရေနံတင်ပို့မှုလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် အချိန်ယူရမည်ဖြစ်သည်။
CNN မှ David Goldman က သောကြာနေ့ (မတ် ၁၃) တွင် အစီရင်ခံ တင်ပြချက်အရ စစ်ပွဲ၏ ကြာမြင့်ချိန်သည် အဓိကအချက်ဖြစ်ကြောင်းစစ်ပွဲကြာရှည်လေ စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာလေဖြစ်မည် ဟု ဖော်ပြထားသည်။
လေယာဉ်လက်မှတ်များ
ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်နှင့်အမျှ လေကြောင်းလိုင်းများအတွက် လောင်စာဆီစရိတ်လည်း မြင့်တက်လာမည်ဖြစ်ရာ ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်ခဈေးနှုန်းများ ပိုမိုမြင့်တက်လာမှုကို ရင်ဆိုင်ရဖွယ်ရှိသည်။ United Airlines ၏ အမှုဆောင်အရာရှိချုပ် Scott Kirby က လေယာဉ်ဆီဈေး မြင့်တက်ခြင်း၏ သက်ရောက်မှုသည် လက်မှတ်ခဈေးနှုန်းများအပေါ် “မြန်ဆန်စွာ သက်ရောက်လာနိုင်သည်” ဟု ပြောကြားခဲ့သည်။ ခရီးသွားလာရေး ကျွမ်းကျင်သူများကလည်းခရီးသည်များအနေဖြင့် မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များကိုအချိန်မီ ကြိုတင်ဘွတ်ကင်လုပ်ထားရန်နှင့် မသေချာမရေရာမှုများရှိနေသည့် ကာလအတွင်းတွင် ငွေပြန်အမ်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း ဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုများပြားသည့် Basic Economy (အခြေခံ အသက်သာဆုံး) လက်မှတ်အမျိုးအစားများကို ရှောင်ရှားကြရန် အကြံပြု ထားသည်။
ကုန်စုံပစ္စည်းများ
စားသောက်ကုန်စတိုးဆိုင်များတွင် အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ အသားနှင့် နို့ထွက်ပစ္စည်းတန်းများသည် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု ၏ နောက်ဆက်တွဲဆိုးကျိုးများကို စားသုံးသူများ အစောဆုံးမြင်တွေ့ရမည့် နေရာများဖြစ်သည်။ ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခစရိတ်များလည်း တိုးမြင့်လာပြီး စစ်ပွဲကြာရှည်လေ ကုန်ဈေးနှုန်းများဆက်လက်မြင့်တက်နေမည့် အခြေအနေရှိသည်။ ပစ္စည်းတစ်ခုသည် ကြာရှည်ခံနိုင်မှုနည်းလေလေ ကုမ္ပဏီများအနေဖြင့် သိုလှောင်ထားနိုင်မှုနည်းလေလေဖြစ်ပြီး ဈေးနှုန်းမြင့်တက်မှု ဒဏ်ကို ပိုမိုခံစားရလေဖြစ်သည်။
အိမ်ရာကဏ္ဍ
လွန်ခဲ့သည့် ၉ လအတွင်း အတိုးနှုန်းများသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့်နှစ်က ဖက်ဒရယ် (Fed) မှ အတိုးနှုန်း ၃ ကြိမ် လျှော့ချပေးခဲ့ခြင်းကြောင့် အထောက်အကူများစွာ ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ရင်းနှီးမြှုပ်နှံသူများသည် စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်လာကြပြီး အမေရိကန်၏ ၁၀ နှစ်စာ ဘဏ္ဍာရေးငွေတိုက်စာချုပ် (Treasury yield) အပေါ် အတိုးနှုန်း ပိုမိုတောင်းဆိုလာကြသည်။ ၁၀ နှစ်စာ အမေရိကန်ဘဏ္ဍာရေးစာချုပ်၏ အတိုးနှုန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ပေါင်နှံခ (Mortgage) အတိုးနှုန်းများသည်လည်း လွန်ခဲ့သော နှစ်ပတ်ခန့်က ၆% ကျော်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။
ကိုးကား- CNN
Photo: The Economist
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
