ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

ညောင်တုန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်မာက ပြောပြသည်။ 

ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ငါးမြစ်ချင်းပိဿာ ချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ငါးမြစ်ချင်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ထွက်ရှိသည့် ငါးမြစ်ချင်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန် ဈေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေကြောင်း သိရသည်။

"ဒေသထွက် ငါးမြစ်ချင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေပါတယ်။ အခု ငါးမြစ် ချင်းတစ်ပိဿာကို ငွေကျပ် ၁၇၅၀၀ ထိ ပေါက်ဈေးရှိပါတယ်" ဟု ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သက်မာက ပြောပြသည်။ 

ညောင်တုန်းမြို့နယ်မှထွက်ရှိသည့် ငါးမြစ်ချင်းများကို ရန်ကုန် ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်ဈေးကွက်မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးမြစ်ချင်းများ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ရေထွက်ကုန် ပစ္စည်းရောင်းဝယ် ရေးပွဲရုံပိုင်ရှင်များ၊ ငါးမွေးမြူရေးလုပ်သားများ၊ ကုန်သည်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

ကျော်ကျော်လင်း

ရတနာပုံ