အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် LPG တင်သင်္ဘောများ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်

News Image

  • အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် LPG တင်သင်္ဘောများ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးတောက်လောင်နေစဉ်အတွင်း အိန္ဒိယအလံတင် သင်္ဘောနှစ်စင်း သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း နယူးဒေလီ က ပြောကြားလိုက်သည်။ LPG ဓာတ်ငွေ့ တန်ချိန် ၉၂,၀၀၀ ကျော် တင်ဆောင်လာသည့် အဆိုပါ သင်္ဘောများသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း အိန္ဒိယ ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ သင်္ဘောပေါ်တွင် အိန္ဒိယအမှုထမ်းများ လိုက်ပါလာကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ဘော များသည် မတ်လ ၂၆ ရက်နှင့် ၂၈ ရက်အကြားတွင် အိန္ဒိယဆိပ်ကမ်းများသို့ ဆိုက်ရောက်မည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အရေးပါသည့် ထိုရေလမ်းကြောင်းမှတစ်ဆင့် ပုံမှန်ကုန်သွယ်မှုများ ပိတ်ဆို့နေဆဲဖြစ်သော်လည်း ယခုသင်္ဘောများသည် UAE နှင့် ကူဝိတ်နိုင်ငံတို့မှ LPG များ တင်ဆောင်ပြီးနောက် အီရန်နိုင်ငံအနီးရှိ အချက်အချာကျသော ရေလမ်းကို ဖြတ်သန်းခဲ့ကြခြင်းဖြစ်ကြောင်း Reuters က ဆက်လက် ဖော်ပြထားသည်။

အီရန်နိုင်ငံက အာရေဗျပင်လယ်နှင့် ဆက်သွယ်ထားသည့် အရေးပါသော ရေလက်ကြားကို ဖြတ်သန်းသည့်သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားခြင်းကြောင့် သင်္ဘောရာပေါင်းများစွာနှင့် သင်္ဘော အမှုထမ်း ၂၀,၀၀၀ ခန့်မှာ ပင်လယ်ကွေ့အတွင်း ပိတ်မိနေကြောင်း သတင်း များအရ သိရှိရသည်။ သို့သော်လည်း မိတ်ဖက်နိုင်ငံများအတွက်မူ ထိုရေလမ်းကြောင်းကို ပိတ်ဆို့ထားခြင်းမရှိဟု တီဟီရန်က ပြောကြား ထားသည်။

Kpler ၏ အချက်အလက်များအရ အိန္ဒိယသို့ဦးတည်သည့် ရေနံထွက်ပစ္စည်းတင် သင်္ဘောတစ်စင်းသည်လည်း မတ်လ ၂၁ ရက်နေ့က ထို ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း သိရှိရသည်။ စစ်မီးမတောက်ခင် အခြေအနေနှင့်နှိုင်းယှဉ်ပါက လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသည့် သင်္ဘောအသွားအလာမှာ ၉၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း သတင်းများက ဆိုသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခ စတင်ကတည်းက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများသွားလာရေးမှာ အလွန်ခက်ခဲစိန်ခေါ်မှု ဖြစ်လာကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တနင်္လာနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၎င်းအသုံးပြုနေသည့် ရေနံ ၈၅ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ထက်ဝက်နီးပါးကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။ နိုင်ငံ၏ ရေနံတင်သွင်းမှု ထက်ဝက်ခန့်နှင့် LNG တင်ပို့မှု ၅၅ ရာခိုင်နှုန်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန် အပေါ် စစ်ပွဲစတင်ကတည်းက နယူးဒေလီအစိုးရသည် ၎င်း၏ လူဦးရေ ၁.၄ ဘီလီယံအတွက် လုံလောက်သော ဓာတ်ငွေ့ရရှိစေရန် အထူးဥပဒေများကို ကျင့်သုံးဆောင်ရွက်နေရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂