ငမိုးရိပ်ရေလှောင်တမံနှင့် လဂွမ်းပြင်ရေလှောင်တမံတို့မှ နွေစပါးစိုက်ခင်းများနှင့် ရန်ကုန်မြို့သောက်သုံးရေအတွက် ပေးဝေလျက်ရှိ
ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငမိုးရိပ်ရေလှောင်တမံနှင့် လဂွမ်းပြင်ရေလှောင်တမံတို့မှ နွေစပါးစိုက်ခင်းများအပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း ရေပေးဝေလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ငမိုးရိပ်ရေလှောင်တမံနှင့် လဂွမ်းပြင်ရေလှောင်တမံတို့မှ နွေစပါးနှင့် အခြားသီးနှံစိုက်ခင်းများသို့ ငမိုးရိပ်တူးမြောင်းမကြီးနှင့် လဂွမ်းပြင်တူးမြောင်းမကြီးတို့မှတစ်ဆင့် လက်တံမြောင်းများသို့ အဆင့်ဆင့် တမံရေပေးဝေခဲ့ပြီး စိုက်ခင်းများ ရေလုံလောက်စွာရရှိရေး၊ ရေလေလွင့်ဆုံးရှုံးစေမှု နည်းပါးစေရေးတို့အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရေအသုံးချသူများအဖွဲ့(WUG)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
နွေစပါးစိုက်ခင်းများ စိုက်ပျိုးရေးအဆင်ပြေစေရန် ငမိုးရိပ် ရေလှောင်တမံနှင့် လဂွမ်းပြင်ရေလှောင်တမံတို့မှ နွေစပါး ၄၁၄၆၁ ဧကကို ရေပေးတူးမြောင်းများနှင့် ရေတံခါးများမှ ဆည်ရေများ ပို့လွှတ်ပေးလျက်ရှိပြီး ဆည်ရေအပြင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် စက်ရေတင်လုပ်ငန်းတို့မှလည်း စိုက်ပျိုးရေကို ပေးဝေလျက်ရှိသည်။
ငမိုးရိပ်ရေလှောင်တမံအနေဖြင့် နွေစပါးခင်းများအတွက် ဆည်ရေအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေသန့်စင်စက်ရုံများမှတစ်ဆင့် ရန်ကုန်မြို့တော်သို့ နေ့စဉ်သောက်သုံးရေ ဂါလန်သန်း ၁၃၀ ပို့လွှတ်ပေးလျက်ရှိရာ ထိုသို့ပို့လွှတ်နိုင်မှုသည် ငမိုးရိပ်ရေလှောင် တမံအထက်ဘက်၌ ပေါင်းလင်းရေကူတမံနှင့် မဟူရာရေကူတမံတို့ တည်ဆောက်၍ ရေများကို ထိန်းသိမ်းနိုင်မှုကြောင့် ဖြစ်သည်။ လဂွင်းပြင် ရေလှောင်တမံသည်လည်း စိုက်ပျိုးရေးအတွက် ဆည်ရေပို့လွှတ်မှုအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လဂွမ်းပြင်ရေသန့်စက်ရုံမှတစ်ဆင့် နေ့စဉ်သောက်သုံးရေဂါလန်သန်း ၄၀ ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း-ဥဿ၊ ဓာတ်ပုံ - ကိုလွင်
MDN
