အရှေ့အလယ်ပိုင်းတင်းမာမှုနှင့်အတူ အာဖရိကတွင် အကျပ်အတည်းများဖြစ်ပေါ်လာနိုင်

News Image

  • အရှေ့အလယ်ပိုင်းတင်းမာမှုနှင့်အတူ အာဖရိကတွင် အကျပ်အတည်း များ ဖြစ်ပေါ်လာနိုင်

အရှေ့အလယ်ပိုင်းဒေသတွင် မြင့်တက်လာနေသော တင်းမာမှုများသည် ကမ္ဘာ့စီးပွားရေးအပေါ် သိသာထင်ရှားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေ လျက်ရှိပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေကာ လောင်စာဆီ၊ မြေဩဇာ နှင့် စားနပ်ရိက္ခာစျေးနှုန်းများကို မြင့်တက်စေပါသည်။

အာဖရိကတိုက်တွင် အကူအညီပေးရေးအဖွဲ့အစည်းများသည် စားနပ်ရိက္ခာနှင့် လောင်စာဆီအတွက် တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရသော ထိခိုက်လွယ်သည့်နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသည့် စရိတ်စက မြင့်တက်မှုများနှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။

အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများသည် "သန်းနှင့်ချီသောလူများမှာ မိုးခေါင်ရေရှားမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ နေရပ်စွန့်ခွာရမှုနှင့် ပဋိပက္ခများကို ရင်ဆိုင်နေကြရပြီးဖြစ်သော" ဆူဒန်၊ ဆိုမာလီယာနှင့် အီသီယိုးပီးယားကဲ့သို့သော နိုင်ငံများအတွက် အဆိုး ရွားဆုံးအချိန်၌ ကျရောက်လာခြင်းဖြစ်သည်ဟု Mercy Corps ၏ အာဖရိက ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Melaku Yirga က CNN သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အဆိုအရ မကြာသေးမီနှစ်များအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကြုံတွေ့ခဲ့ရသော ပဋိပက္ခများဖြစ်ပွားနေသည့် ဆိုမာလီယာနှင့် ဆူဒန်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်းအကျပ်အတည်း ဆက်လက်ဖြစ်ပွားနေချိန်တွင်အပြင်းထန်ဆုံး ငတ်မွတ်ခေါင်းပါးမှုအဆင့်သို့ ရောက်ရှိသွားနိုင်သည့် အန္တရာယ်အရှိဆုံးအခြေအနေတွင် ရှိနေသည်။

အထူးသဖြင့် ယခုပဋိပက္ခသည် အကူအညီပေးရေးလုပ်ငန်းများအတွက် ရန်ပုံငွေပြတ်လပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် တစ်ကမ္ဘာလုံး တွင် နောက်ထပ်လူဦးရေ ၄၅ သန်းခန့်မှာ ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP က ခန့်မှန်းထားသည်။

Yirga က မိမိတို့သည် "လိုအပ်ချက်မှာ အဆမတန် ကြီးမားနေသော်လည်း တုံ့ပြန်ကူညီမှုများ ရောက်ရှိမလာတော့သည့် အကူအညီပေးရေး လွန်ခေတ် (Post-aid Era) ၏ ပထမဆုံးသော အဓိကအကျပ်အတည်း" အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း သတိပေးထားသည်။

အကယ်၍ အဆိုပါတင်းမာမှုများသာ လပေါင်းများစွာ ဆက်လက်တည်ရှိနေပါက စိုက်ပျိုးရာသီများကိုအနှောင့်အယှက်ဖြစ်စေခြင်း၊ စားနပ်ရိက္ခာစျေးနှုန်းများ ပိုမိုမြင့်တက်လာစေခြင်း၊ အကူအညီပေးပို့မှုများကို အဟန့်အတားဖြစ်စေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အကန့်အသတ်ဖြစ်နေချိန်တွင် လူအများအပြားကို အဆိုးရွားဆုံးအခြေအနေသို့ တွန်းပို့ခြင်းစသည့် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းများကို ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂