လာအိုတွင် ရာသီဥတုပူပြင်းလာမှုအတွက် သတိပေးချက်ထုတ်ပြန်
လာအိုနိုင်ငံတစ်ဝန်းတွင် အလွန်အမင်းပူပြင်းသည့် ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် တာဝန်ရှိသူများက မတ်လ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း၌ ပျမ်းမျှအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။
နိုင်ငံအတွင်း အလယ်အလတ်မှ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် အနောက်လေများ ဖြတ်သန်းတိုက်ခတ်နေသဖြင့် တစ်နေ့တာလုံး ပူပြင်းခြောက်သွေ့သည့်မြူများ ဖုံးလွှမ်းမည်ဖြစ်ကြောင်း လာအိုမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရာသီဥတု အလွန်ပူပြင်းမှုကြောင့် အပူလျှပ်ခြင်း၊ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းစသည့် ဘေးထွက် ဆိုးကျိုးများ ရှိလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
အလားတူ ပြည်သူများအနေဖြင့် ပြင်ပတွင် အချိန်ကြာမြင့်စွာ သွားလာလှုပ်ရှားခြင်းကို ကန့်သတ်ရန်၊ ရေဓာတ်ပြည့်ဝစွာ နေထိုင်ရန်နှင့် ပြောင်းလဲလာမည့်ရာသီဥတုအခြေအနေများကို ဂရုပြုစောင့်ကြည့်ရန် မိုးလေဝသဌာနက အကြံပြုထားသည်။
Ref: Xinhua
MWD

,