EU ပြင်ပတွင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းမည့် နေရပ်ပြန်ပို့ရေးအခြေစိုက်စခန်းများ တည်ထောင်ရန် ဥရောပပါလီမန် အတည်ပြု
ဥရောပပါလီမန်အမတ်များသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးတွင်ကျင့်သုံးမည့် အငြင်း ပွားဖွယ်ရာ ဥပဒေမူဘောင်သစ်တစ်ရပ်နှင့် ပတ်သက်၍ EU ကောင်စီနှင့် ဆွေးနွေးမှုများစတင်ရန် အတည်ပြုလိုက်ကြသည်။
ယင်းအစီအစဉ်တွင် "နေရပ်ပြန်ပို့ရေးအခြေစိုက်စခန်းများ" (Return Hubs) ဟုခေါ်ဆိုသည့် အကျဉ်းစခန်းသဖွယ်နေရာများကို EU နယ်နိမိတ်ပြင်ပရှိ တတိယနိုင်ငံများ၌ တည်ထောင်ရန် ပါဝင်ပြီး ဥရောပအတွင်း နေထိုင်ခွင့် မရှိဟု သတ်မှတ်ခံရသူများကို ၎င်းတို့၏နေရပ်ရင်းနိုင်ငံများသို့ မပြန်မီ အထိ ထိုစခန်းများသို့ ပို့ဆောင်ထားရှိမည်ဖြစ်သည်။
အဆိုပါပြုပြင်ပြောင်းလဲရေး အဆိုပြုချက်အပေါ် ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၈၉ မဲ၊ ကန့်ကွက်မဲ ၂၀၆ မဲနှင့် ကြားနေမဲ ၃၂ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လက်ဝဲယိမ်း နိုင်ငံရေးအုပ်စုများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ထိုစီမံကိန်းကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
အထူးသဖြင့် Amnesty International ကဲ့သို့သော အဖွဲ့အစည်းများက အဆိုပါဥပဒေသည် လုံလောက်သော လူ့အခွင့်အရေးဆန်းစစ်ချက်များ မရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဆင်းရဲဒုက္ခတွင်းအတွင်းသို့ ရောက်ရှိပျောက်ကွယ်သွားစေမည့် အန္တရာယ်ရှိကြောင်း ဝေဖန်ထောက်ပြ ခဲ့ကြသည်။
ယခုအဆိုပြုထားသည့် "နေရပ်ပြန်ပို့ရေးဆိုင်ရာစည်းမျဉ်း" (Return Regulation) သည် ၂၀၀၈ ခုနှစ်ကကျင့်သုံးခဲ့သော "ဆန္ဒအလျောက် နေရပ်ပြန်ခြင်း" ကို ဦးစားပေးသည့် မူဝါဒဟောင်းကို အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် EU အဖွဲ့ဝင် ၁၉ နိုင်ငံက အဆိုပါ "နေရပ်ပြန်ပို့ရေးအခြေစိုက်စခန်းများ" သည် ဆယ်စုနှစ် တစ်ခုကျော်ကြာဖြစ်ပွားနေသည့် ရွှေ့ပြောင်းနေထိုင်သူ အစုလိုက်အပြုံလိုက် ဝင်ရောက် လာမှုပြဿနာကိုဖြေရှင်းရန် ဆန်းသစ်သော နည်းလမ်းဖြစ်သည်ဟု ဆိုကာ ဥရောပကော်မရှင်အား ရန်ပုံငွေထောက်ပံ့ပေးရန် တိုက်တွန်းခဲ့ကြသည်။ လက်ရှိတွင် အဆိုပါဥပဒေပြုရေးလုပ်ငန်းစဉ်မှာ အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ဥရောပ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် ပိုမိုတင်းကျပ်သော လမ်းကြောင်းသို့ ဦးတည်လာနေကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
