သဘောတူညီချက်မရရှိပါက အီရန်၏ စွမ်းအင်အရင်းအမြစ်များကို အပြီးတိုင်ချေမှုန်းဖျက်ဆီးပစ်မည်ဟု သမ္မတ ထရမ့် ခြိမ်းခြောက်
အကယ်၍ အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ်မရရှိဘဲ ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက ထိုနိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ရေနံတွင်းများကို ဖောက်ခွဲဖျက်ဆီးပြီး အပြီးတိုင်ချေမှုန်းပစ်ခြင်းအားဖြင့် ဒေသတွင်း စစ်ရေးပါဝင်မှုများကို အဆုံးသတ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထရမ့်က “အမေရိကန်ဟာ အီရန်မှာရှိသည့် ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေကိုအဆုံးသတ်ဖို့အတွက် ပိုမိုကျိုးကြောင်းဆီလျော်သည့် အစိုးရသစ်တစ်ရပ်နှင့် အလေးအနက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ် ၊ တိုးတက်မှုတွေ အများကြီးရှိနေပေမဲ့ အကြောင်းတစ်ခုခုကြောင့် သဘောတူညီချက်ကို မကြာမီမရရှိဘူးဆိုရင် (ဖြစ်ဖို့တော့ များပါတယ်)၊ ပြီးတော့ ဟော်မုဇ်ရေလက်ကြားကို စီးပွားရေးလုပ်ငန်းတွေအတွက် ချက်ချင်း ပြန်မဖွင့်ဘူးဆိုရင်တော့ ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိဖြင့် မထိရသေးသည့် ၎င်းတို့၏လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ရေနံတွင်းတွေ၊ ခါ့ဂ်ကျွန်း (Kharg Island) နှင့် (ဖြစ်နိုင်ရင် ရေငန်သန့်စင်စက်ရုံတွေ အားလုံးပါ!) ဖောက်ခွဲဖျက်ဆီးပစ်ပြီးမှ အီရန်မှာ ကျွန်တော်တို့၏ ပါဝင်မှုကို အဆုံးသတ်မှာဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
ယမန်နေ့ညက Financial Times နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အီရန်၏ ရေနံများကို သိမ်းယူမည့် အလားအလာနှင့်ပတ်သက်၍ ထရမ့် က ထည့်သွင်းပြောကြားခဲ့ပြီးနောက် ယခုခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရမ့်က အီရန်၏ အဓိကလောင်စာဆီတင်ပို့ရာ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန်စဉ်းစားနေပြီး “ကျွန်တော့်ရဲ့ ဦးစားပေးကတော့ ရေနံကိုသိမ်းယူဖို့ပဲ” ဟု အဆိုပါ သတင်းစာသို့ ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် ၎င်း၏ မှတ်ချက်များကြောင့် တနင်္လာနေ့ (မတ် ၃၀) တွင် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး Brent ရေနံစိမ်းတစ်စည်လျှင် ၁၁၆ ဒေါ်လာ ($116) အထက်သို့ ရောက်ရှိသွားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
