ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

News Image

  • ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၅ 

 

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်း/ ဝယ်သူများသည် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသည့် လမ်းကြောင်းများအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။ 

 

၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရမည်းသင်းမြို့မှ ပဒါန်းမြို့သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ် ရွာတော်စစ်ဆေးရေးဂိတ်၌ တရားခံ မျိုးမင်းအောင်နှင့်အတူ TOYOTA PRADO ယာဉ်အား လည်းကောင်း၊ နတ်မောက်မြို့နယ် စိုင်ကောင်းကျေးရွာအနီး၌ တရားခံ မင်းမင်းခိုင် မောင်းနှင်၍ လှိုင်ဝင်းလိုက်ပါလာသည့် ထော်လာဂျီယာဉ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၃၉ အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇၈ သိန်း (ကာလ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇ ဘီလီယံခန့်) အား ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် တရားခံ အမျိုးသား သုံးဦး၊ မော်တော်ယာဉ် နှစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်း (တစ်ပြားလျှင် ၁၅၀၀ ကျပ်) ကာလ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇ ဘီလီယံခန့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ပင်လောင်းမြို့နယ် တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင် (ခ) ပအို့ဝ် (ဖမ်းဆီးရန်ကျန်) မှ ဝမ်ဟိုင်းဒေသရှိ မူးယစ်ဆေးဝါးများအား ၎င်း၏ အစီအစဉ်ဖြင့် ကလောမြို့နယ် ဘွန်ယွာကျေးရွာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်ဝင်းအောင် (ခ) ပအို့ဝ် (ဖမ်းဆီးရန်ကျန်) ၏ ခိုင်းစေချက်ဖြင့် မျိုးမင်းအောင်၊ မင်းမင်းခိုင်နှင့် လှိုင်ဝင်းတို့က ဖမ်းဆီးရမိ ထော်လာဂျီယာဉ်ဖြင့် ဘွန်ယွာကျေးရွာမှ တစ်ဆင့် ရမည်းသင်း - ပျော်ဘွယ် - နတ်မောက် - မကွေးလမ်းကြောင်းအတိုင်း ပဒါန်းမြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ပဒါန်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ် အမ်းမြို့ရှိ AA သောင်းကျန်းသူအဖွဲ့ မြို့နယ်မှူးအဆင့်ရှိ (စိစစ်ဆဲ) ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

MDN