ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် ထရမ့် ပြော

News Image

  • ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က (Donald Trump ) အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၆ ရက် မတိုင်မီ ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် အီရန်အား သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အကယ်၍ အီရန် အနေဖြင့် ၄၈ နာရီအတွင်း သဘောတူညီချက်မရယူပါက သို့မဟုတ် ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးပါက ငရဲခန်းဖြင့် ကြုံတွေ့ရမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

ကျွန်တော် အီရန်ကို သဘောတူညီချက် တစ်ခုရယူဖို့ ဒါမှမဟုတ် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အချိန် ၁၀ ရက် ပေးခဲ့တာကို မှတ်မိကြမှာပါ။ အချိန်တွေ ကုန်ဆုံးနေပြီဖြစ်ပြီး သူတို့အပေါ် ငရဲကျသလို အကျိုးဆက်တွေ ကျရောက်မလာခင် ၄၈ နာရီပဲ လိုပါတော့တယ်ဟု ထရမ့်က Truth Social လူမှု မီဒီယာတွင် ရေးသားခဲ့သည်။

သို့သော် အီရန်ကမူ ၎င်းတို့၏ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက အမေရိကန်အတွက် ငရဲတံခါးများ ပွင့်သွားလိမ့်မည်ဟု အီရန်စစ်ဘက် ပူးတွဲစစ်ဆင်ရေးဌာနချုပ်မှ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒူလာဟီ အလီအာဘာဒီ (Ali Abdollahi Aliabadi) က တန်ပြန်ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် ဒေသတွင်းရှိ အမေရိကန်စစ်ဘက်သုံး အခြေခံ အဆောက်အအုံအားလုံးကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဟု အလီအာဘာဒီက ခြိမ်းခြောက်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုဖြင့် စတင်ခဲ့သော အီရန် စစ်ပွဲကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့ဈေးကွက်များကို တုန်လှုပ်စေကာ အဓိက ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့သဖြင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့သည်။

အီရန်နှင့် အမေရိကန်နှစ်ဖက်စလုံးက အရပ်ဘက်ပစ်မှတ်များကို ခြိမ်းခြောက်တိုက်ခိုက်နေကြသဖြင့် စစ်ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ အီရန်ကို ဆက်လက်ချေမှုန်းသွားမည်ဟု ပြောကြားခဲ့ပြီး စစ်ပွဲအတွက် ရန်ပုံငွေထောက်ပံ့ပေးနေသည့် အီရန်၏ ရေနံဓာတုဗေဒဆိုင်ရာအဆောက်အအုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးကာ ၁၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်လုံခြုံရေး အရာရှိတစ်ဦးကို ကိုးကား၍ အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ 

ကိုးကား - CNI International News