သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းဧက ၁၀၀၀ ကျော် ရိတ်သိမ်းပြီးစီး
သာပေါင်း ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းဧက ၁၀၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူ၏ ပြောဆိုချက်အရ သိရသည်။
သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီက ဖူးစားပြောင်း ၁၈၅၄ ဧကအထိစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးခဲ့သည့်ဖူးစားပြောင်းများကို မတ်လပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ၁၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပြောင်းသီးနှံတွေ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့နည်းပညာနဲ့ တခြားကူညီမှုတွေကို ကြိုတင်လုပ်ဆောင ်ပေးထားပါတယ်။ အထွက်နှုန်းကောင်းမွန်စေဖို့ စိုက်ပျိုးနည်းစနစ်နဲ့ တခြားလိုအပ်တဲ့ပံ့ပိုးမှုတွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်စပ်ဌာနတွေ ပူးပေါင်းဆောင်ရွက်ပေးထားပါတယ်။ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ ဆောင်ရွက်ပေးထားသလို တောင်သူအသိပညာပေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးပါတယ်"ဟု ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမူကပြောသည်။
သာပေါင်းမြို့နယ်မှ တောင်သူများသည် မိုးစပါး၊ နွေစပါးအပြင် ရာသီပေါ်သီးနှံနှင့် ဖူးစားပြောင်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း သိရသည်။
MWD
