အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် ထွက်ပေါ်လာနိုင်သည့် အဆင့်မြှင့်တင်ထားသော Shahed ဒရုန်းများ
အီရန်နှင့် အမေရိကန်တို့အကြား ဟော်မုရေလက်ကြားအရေးနှင့် စပ်လျဉ်း၍ တင်းမာနေစဉ် အီရန်နိုင်ငံအတွင်းမှ လွှတ်တင်လိုက်သည့် Shahed ဒရုန်း တစ်စင်း၏ တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး၌ မတ်လ ၁၇ ရက်တွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို အီရန်တပ်မတော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုမဖြစ်ပွားမီ သီတင်းပတ်နှစ်ပတ်အလိုတွင်လည်း ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်သံရုံးနှင့်အာရပ် စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတို့သည် Shahed ဒရုန်းများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အီရန်နိုင်ငံက အသုံးပြုလျက်ရှိသည့် အဆိုပါဒရုန်းများသည် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းများကိုလည်း တိုက်ခိုက်နိုင်ခဲ့ပြီး ရပ်နားထားသည့် အမေရိကန်စစ်လေယာဉ်များကိုပင် တိုက်ခိုက်ဖျက်ဆီး ပစ်ခြင်းအားဖြင့် အဆိုပါဒရုန်းများ၏ အံ့ဩဖွယ်ကောင်းသောပစ်မှတ်တိကျမှုနှင့် အလှမ်းဝေးကွာသောပစ်မှတ်များကိုပါ ပစ်ခတ်နိုင်စွမ်းကို သက်သေပြသနိုင်ခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲအစပိုင်းတွင် အီရန်နိုင်ငံမှ အဆိုပါ Shahed ဒရုန်းများကို တင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် အီရန်မှလိုင်စင်ရယူပြီး ကိုယ်တိုင်ထုတ်လုပ်လျက်ရှိသည့်အပြင် ဒရုန်းပုံစံသစ်များကိုလည်း အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Henry Jackson Society မှပညာရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ကီရစ်ချန်ကိုက ပြောကြားထားသည်။
စင်စစ်တွင် ရုရှားနိုင်ငံသည် အီရန်နိုင်ငံက ထုတ်လုပ်သည့် ရှုပ်ထွေးလှသောတိုက်ခိုက် ရေးဒရုန်းအမျိုးအစားပေါင်းစုံကို အတုယူလုပ်ဆောင်ခြင်းမပြုဘဲ Shahed ဒရုန်း တစ်မျိုးတည်းကိုသာ အကောင်းဆုံးဖြစ်စေရေး မွမ်းမံရန် အာရုံစိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ရုရှားနိုင်ငံသည် ဒရုန်းထုတ်လုပ်သည့် စက်ပစ္စည်းများကို အီရန်နိုင်ငံသို့ ပြန်လည်တင်ပို့ပေးလျက်ရှိသည်။ အဆင့်မြှင့်တင်ထားသည့် ဒရုန်းနည်းပညာများကြောင့် အဆိုပါ Shahed ဒရုန်းများသည် ယခုအခါ အရှေ့အလယ်ပိုင်းဒေသသို့ ပြန်လည်ရောက်ရှိလာပြီး အမေရိကန်တပ်ဖွဲ့များအား ခြိမ်းခြောက်လာသည့် အစွမ်းထက်လက်နက်များအဖြစ် ထွက်ပေါ် လာစေလျက်ရှိသည်။
အခြေခံအားဖြင့် Shahed-136 ဒရုန်းတစ်စင်းသည် အလေးချိန် ၄၄၀ ပေါင်ရှိပြီး တောင်ပံ အကျယ် ၇ ပေရှိသည်။ ဒရုန်းတွင် မြင်းကောင်ရေ ၅၀ အားရှိသည့် ပစ္စတင်အင်ဂျင်ကို အသုံးပြုထားသောကြောင့် တစ်နာရီလျှင် ၁၂၀ မိုင်နှုန်းဖြင့် ပျံသန်းနိုင်သည်။ အားနည်းချက်မှာ အဆိုပါ ဒရုန်းများသည် ပထမကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သည့် လေယာဉ်များကဲ့သို့ ပျံသန်းခြင်းကြောင့် ရန်သူက ၎င်းတို့အားပစ်ချရလွယ်ကူခြင်းဖြစ်သည်။
သို့သော် Shahed ဒရုန်းများ၏ အဓိက အားသာချက်မှာ အရေအတွက်ဖြစ်ပြီး အဆိုပါဒရုန်းများကို အုပ်စုလိုက်လွှတ်တင်လေ့ရှိသောကြောင့် ဒရုန်းအများစုမှာ ရန်သူ၏ပစ်ချခြင်းကိုခံရသော်လည်း အချို့ ဒရုန်းများမှာမူ ရန်သူ၏ကာကွယ်ရေးစနစ်များကို ဖောက်ထွက်ပြီး ပစ်မှတ်ကိုထိမှန်သွားလေ့ရှိသည်။
ရုရှားနိုင်ငံသည် ရန်သူ၏လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိုကဲ့သို့ ဖောက်ထွက်နိုင်ပြီး အရေအတွက်အများအပြားကို အသုံးပြုခြင်းဖြင့် ရန်သူအပေါ် ထိခိုက်မှုပိုမိုပြင်းထန်လာစေရန်အတွက် အဓိကထားလုပ်ဆောင်နေခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် ပုံမှန်မီးခိုးရောင်ဒရုန်းအစား အမည်းရောင် Shahed ဒရုန်းများကို စတင်အသုံးပြုလာခဲ့သည်။
အဆိုပါဒရုန်းများ၏ ဆေးသားအတွင်း၌ ရေဒါလှိုင်းများကိုစုပ်ယူနိုင်သည့် ကာဗွန်အမှုန်အမွှားများပါဝင်နေပြီး ၎င်းနည်းပညာသည် ရိုးရှင်းသောကိုယ်ပျောက်နည်းပညာ တစ်ခုပင်ဖြစ်ကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီအင်နက်က ပြောကြားထားသည်။ ထို့ကြောင့်ပင် အမည်းရောင် Shahed ဒရုန်းများကို ရေဒါမှတစ်ဆင့်ရှာဖွေရာတွင် ပိုမိုခက်ခဲသွားစေခြင်း ဖြစ်သည်။
ထို့ပြင် Shahed ဒရုန်းများ၏ ပုံစံကွဲများသည် ယခုအခါ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိပြီး အခိုင်အမာတည်ဆောက်ထားသည့်နေရာများကို ဖောက်ခွဲနိုင်သည့် ဒရုန်း၊ မီးလောင်စေသော စနစ်များတပ်ဆင်ထားသည့်ဒရုန်း၊ သာမိုဘာရစ်ဒရုန်းတို့ပါဝင်လာခဲ့ပြီဖြစ်သည်။
သာမိုဘာရစ်ဒရုန်းတွင် ပုံမှန်ယမ်းအစား သာမိုဘာရစ်အရောအနှောကို အသုံးပြု ထားခြင်းကြောင့် ပေါက်ကွဲသည့်အခါ လေထုအတွင်း၌ ပေါက်ကွဲစေတတ်သော တိမ်တိုက်ကိုဖြစ်ပေါ်စေပြီး ပုံမှန်ယမ်းများထက် ပိုမိုပြင်းထန်သော လေဖိအားလှိုင်းကို ထွက်ပေါ်စေသည်။ ထို့ကြောင့် အဆိုပါ ဒရုန်းအမျိုးအစားသည် ရန်သူ၏ အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးရာတွင် အလွန်ထိရောက်မှုရှိသည်။
အချုပ်အားဖြင့်ဆိုရပါမူ ရုရှားနိုင်ငံသည် Shahed ဒရုန်းများ၏ ကိုယ်ပျောက်စနစ်၊ လမ်းကြောင်းရှာစနစ်နှင့် လှိုင်း နှောင့်ယှက်မှုဒဏ် ခံနိုင်ရည်ရှိမှုတို့ကို မြှင့်တင်ပေးခြင်းအားဖြင့် အဆိုပါဒရုန်းများအား ပိုမိုအစွမ်းထက်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်များကြောင့် အနာဂတ်ကာလ၌ ဆက်လက်ထွက်ပေါ်လာမည့် အီရန်လုပ်ဒရုန်းမူကွဲအသစ်များကို ရန်သူက အလွယ်တကူ ကြားဖြတ်တားဆီးရန် ပိုမိုခက်ခဲသွားစေနိုင်သည့်အပြင် အကယ်၍ အီရန်နှင့် အမေရိကန်တို့အကြား ခိုင်မာသည့် သဘောတူညီချက်ချမှတ်နိုင်ခြင်းမရှိပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်များအတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် ထွက်ပေါ်လာမည့် အလားအလာရှိနေကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Ref: PM
MWD
