OPEC မှ UAE နုတ်ထွက်သည့်သတင်းထက် ရေနံလမ်းကြောင်းပိတ်ဆို့မှုက ဈေးကွက်အပေါ် သက်ရောက်မှု ပိုကြီးမားနေ
UAE က OPEC အဖွဲ့မှ နုတ်ထွက်တော့မည်ဖြစ်၍ ရေနံစိမ်း ပိုမို ထုတ်လုပ်ခွင့်ရရှိတော့မည်ဆိုသည့် သတင်းထက် လက်ရှိဖြစ်ပေါ်နေသော ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုအပေါ် စိုးရိမ်ပူပန်မှုများက ပိုမိုကြီးမားနေသည့်အတွက် ဧပြီ ၂၉ ရက်နေ့တွင် ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက် လာခဲ့သည်။ ကမ္ဘာ့ရေနံဈေးနှုန်းအညွှန်းကိန်းဖြစ်သော Brent ရေနံစိမ်းဈေးသည် ၂.၃ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၁၃.၈ ဒေါ်လာ သို့ ရောက်ရှိခဲ့ပြီး အင်္ဂါနေ့ (ဧပြီ ၂၈) က လေးပတ်တာကာလအတွင်း အမြင့်ဆုံးဈေးဖြင့် ဈေးပိတ်ခဲ့သည်။ အမေရိကန်ရေနံညွှန်းကိန်းဖြစ်သော WTI သည်လည်း ၂.၅ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၀၂.၄ ဒေါ်လာ ဖြစ်လာခဲ့သည်။ SPI Asset Management မှ စီမံခန့်ခွဲမှုဒါရိုက်တာ Stephen Innes က "ဈေးနှုန်းတွေ ၁၁၀ ဒေါ်လာအထက်ကို ပြန်တက်လာတာဟာ စနစ်တစ်ခုလုံးရဲ့ အရေးအပါဆုံး ရေနံလမ်းကြောင်းမှာ စီးဆင်းမှုတွေ ပြတ်တောက်နေတာကို ထင်ဟပ်နေတာ ဖြစ်ပါတယ်" ဟု မှတ်ချက်ပြုရေးသားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ကာလရှည်ကြာ ပိတ်ဆို့ထားနိုင်ရေး ပြင်ဆင်ကြရန် လက်ထောက်များကို ညွှန်ကြားထားကြောင်း Wall Street Journal က အင်္ဂါနေ့ (ဧပြီ ၂၈) ညနေပိုင်းတွင် ဖော်ပြခဲ့သည်။ တစ်ဖက်တွင်လည်း ပါကစ္စတန်ရှိ ကြားဝင်စေ့စပ်ပေးသူများသည် စစ်ပွဲအဆုံးသတ်ရန်အတွက် အီရန်ထံမှ ပြင်ဆင်ထားသော အဆိုပြုချက်အသစ်ကို လာမည့်ရက်အနည်းငယ်အတွင်းရရှိရန် မျှော်လင့်ထားကြောင်း CNN သို့ ပြောကြားခဲ့သည်။ UAE နိုင်ငံသည် ယခုသီတင်းပတ်အတွင်း OPEC အဖွဲ့မှ နုတ်ထွက်တော့မည် ဟု အင်္ဂါနေ့ (ဧပြီ ၂၈) က ပြောကြားခဲ့ရာ ယင်းသည် ရေရှည်တွင် ကမ္ဘာ့ရေနံထောက်ပံ့မှုကိုတိုးလာစေပြီး ဈေးနှုန်းများကို ပြန်လည်ကျဆင်းစေနိုင်သည့် ထိတ်လန့်ဖွယ်ရာ လုပ်ဆောင်ချက်တစ်ခုဖြစ်လာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
