ရေနံစျေးနှုန်း အတက်အကျများကြောင့် TotalEnergies နှင့် UBS တို့၏ အကျိုးအမြတ်များ အဆမတန် မြင့်တက်လာ
အီရန်စစ်ပွဲကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် စျေးကွက်အတွင်း အတက်အကျ အလွန်အမင်းဖြစ်ပေါ်နေခြင်းတို့ကြောင့် ပြင်သစ် စွမ်းအင်ကုမ္ပဏီ TotalEnergies နှင့် ဆွစ်ဇာလန်ဘဏ် UBS တို့၏ အမြတ်အစွန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။
TotalEnergies ၏ ဧပြီ ၂၉ ရက်နေ့ထုတ်ပြန်ချက်အရ ယခုနှစ် ပထမသုံးလပတ်အတွင်း အမြတ်ငွေ ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅.၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ အမြတ်များရရှိခြင်းမှာ ရေနံစျေးနှုန်းအပြောင်းအလဲများကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပြီး တစ်ဖက်တွင်မူ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအချို့ကို ရပ်နားခဲ့ရသဖြင့် ထိုအဖွဲ့၏ စုစုပေါင်းထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းခန့် ထိခိုက်ခဲ့ရသည်။
ဧပြီ ၂၈ ရက်နေ့ကလည်း ပြိုင်ဘက်ရေနံကုမ္ပဏီတစ်ခုဖြစ်သော BP သည် ရေနံစျေးနှုန်း အပြောင်းအလဲအလွန်အမင်းဖြစ်ပေါ်မှုကိုအသုံးချ၍ အရောင်း အဝယ်ပြုလုပ်ခဲ့ရာမှ ပထမသုံးလပတ်အတွင်း အမြတ်ငွေနှစ်ဆကျော် ရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ စစ်ပွဲကြောင့် ရရှိလာသော ထိုကဲ့သို့သော အကျိုးအမြတ်များအပေါ် အထူးအခွန် (Windfall Taxes) များ စည်းကြပ်ရန် တောင်းဆိုမှုများပေါ်ထွက်လာနေပြီး အိမ်ထောင်စုများအတွက် မြင့်တက် နေသော ဂက်စ်နှင့် လျှပ်စစ်ဓာတ်အားခစရိတ်များကို အဆိုပါအခွန်ငွေဖြင့် ပြန်လည်ကုစားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် UBS ဘဏ်သည်လည်း ဘဏ္ဍာရေးစျေးကွက် မတည်ငြိမ်မှုများကြောင့် ဖောက်သည်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ပိုမိုများပြားလာသဖြင့် ပထမသုံးလပတ် အမြတ်ငွေ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ဒေါ်လာ ၃ ဘီလီယံ ရရှိခဲ့သည်။ UBS ၏ စီအီးအို Sergio Ermotti က “ပထမသုံးလပတ်အတွင်းမှာ ခန့်မှန်းရခက်တဲ့ ပထဝီ နိုင်ငံရေးနဲ့ စျေးကွက်အခြေအနေတွေကြားမှာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို လမ်းညွှန်ကူညီပေးနိုင်ခဲ့ပါတယ်” ဟု အမြတ်အစွန်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ဇူးရစ်မြို့တွင် UBS ဘဏ်၏ ရှယ်ယာစျေးနှုန်းမှာလည်း ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၄.၈ ဆွစ်ဖရန့် (၄၄ ဒေါ်လာ) သို့ ရောက်ရှိသွားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
